Friday, September 21, 2012

စက္ကူမြင်း တောင်တင်းရထား(မောင်သစ်တည်-မြသန်းတင့်)

....

အို တောင်တွင်းရထား
အို ကြေးနီရထား
အို နတ်မောက်ရထား
အို မြို့သစ်ရထား
ပျဉ်းမနားမှ နဂါးတစ်ကောင်
ပူလောင်အငွေ့ ဝေ့ပတ်မှုတ်ထုတ်
တဂျုတ်ဂျုတ်နဲ့ အသော့ခုတ်မောင်း
မညောင်းမညာ ကဗျာဆရာအတွေး
စကြ၀ဠာပတ်ပြေးသလို
တာဝေးအပြေးချန်ပီယံ
ဗင်ဂျွန်ဆန် နှလုံးခုန်သံလို
မှန်မှန်စည်းချက်
ဂျောက်ဂျက်သံပေးရင်းနဲ့
လယ်ဝေးဘူတာရုံ
မြူလွှာတွေခြုံသလိုဖြစ်နေတဲ့
ဖုန်ထူထူတွေကြားထဲမှာ ရပ်လိုက်တယ်။
ပျဉ်းကတိုးတုံး ကျွန်းတုံး
အင်ကြင်းတုံး သစ်ရာတုံး
သစ်မာတုံး ပိတောက်တုံး
မျောက်ချောတုံး တမလန်းတုံး
ဘာတုံး ညာတုံးမှန်းမသိတဲ့
သစ်လုံးတွေကြားထဲမှာ ဖားသူငယ်လို
ဘူတာအိုကလေး ပင့်ကူမြှေးယှက်
အိပ်စက်နေရာက လန့်နိုးလာပြီး
ဂျမဒါတစ်ယောက် ငေါက်ခနဲ အသာထ
လာသမျှခရီးသည်
လက်မှတ်ဝယ်ကြ
လက်မှတ်ဝယ်ကြ
နောင်ကျမှလက်မှတ်မပါ
ရှက်စရာလူတွေ မဖြစ်ကြစေနဲ့လို့
တဖွဖွအော်ရင်း အချင်းချင်းပြောင်ပြက်
ဂျွတ်တက်နေတဲ့ သံချောင်းကို
တဂျောင်းဂျောင်းမြည်အောင်ခေါက်လိုက်တယ်။
ရထားပလက်ဖောင်း
ဘယ်ပြောင်းထားသလဲမသိ
ယိုင်တိယိုင်တိုင်နဲ့ ငိုမဲ့မဲ့ ရထားကြီးက
လဲရာကထလာတဲ့ပုံ
တုန်တုန်ချည့်ချည့် နွမ်းရိမောဟိုက်
အိပ်ငိုက်ရာကထပြီး
ခရီးဆက်တော့မယ့်အလုပ်
ကသီကရီအထုပ်အပိုး မနိုင့်တနိုင်
မပီ့တပီ ထမီချုပ်ရိုး မခိုင့်တခိုင်နဲ့
မိန်းမတစ်ယောက်
ရထားပေါက်မှာ တိုးလို့တွဲလောင်း
တောင်းတွေပလုံးတွေကို
အတင်းထိုးတင်ရင်း
ဟဲ့ သေခြင်းဆိုး
အရင်တစ်ခေါက်တုန်းကလည်း
ဒူးတွေပြဲခေါင်းတွေကွဲလို့
ရင်ဆို့လောက်ရှိတဲ့ရထားတွဲပေါ်ကို
မနည်းတက်ခဲ့ရတယ်
အခုတစ်ခေါက်လည်းဆိုပြီး
အဆဲ ကောင်းချီးသြဘာပေးနေတယ်။။
ဖုတ်တထောင်းထောင်းနဲ့
လှည်းကြမ်းမောင်းသလိုခုန်နေတဲ့
တောင်တွင်းရထားဟာ
ရိုးပြတ်လယ်ကွင်းတွေ
နေကြာခင်းတွေ
သစ်တောစိုက်ကွင်းတွေ
ကြံခင်းတွေ
အင်ကြင်းတောတွေကိုဖြတ်ပြီး
ရိုးမအစပ်ကိုဝင်ခဲ့တယ်။
တိမ်ကလဲ ပြာ တောင်ကလဲ ပြာလို့
ရေကလဲပြာ မြေလဲပြာလို့
တောကလဲပြာ မြူလဲပြာလို့
ကဗျာဆရာ ဘလော့ ရဲ့
ဝင်းပသောလေ-ဆိုတာကို
ငါမမြင်ခဲ့ဖူးပေမယ့်
အလယ်ရိုးမတောင်ခြေက
အပြာရောင်လေကိုတော့
ငါမြင်ခဲ့ဖူးပြီဟေ့။
ပုလွေးချောင်းတံတားကို အဖြတ်
မတ်တပ်ရပ်လျက်က
ငုံ့ကြည့်လိုက်တော့
အနားကော့လန်နေတဲ့
ကျွန်းရွက်ခြောက်တစ်ရွက်
ယက်ကန်ယက်ကန်နဲ့
ချောင်းရေစီးသန်သန်မှာ
မျောပါသွားလေရဲ့။
အို ကျွန်းရွက်
အသင်ဘယ်ဘက်ကိုသွားနေသလဲ
ဘယ်ကွေ့ကို ဘယ်တက်နဲ့လှော်မလဲ
ဘယ်မှော်ကို ဘယ်လိုရှောင်မလဲ
ဘယ်သောင်ကိုဘယ်လိုရှဲမလဲ
ဘယ်ဝဲကိုဘယ်လိုဖြတ်မလဲ
ချောင်းဖျားအစ
မလိခက ဆင်းလာတဲ့သင်ဟာ
ပင်ပန်းချင်ပင်ပန်း
ထွက်လာတဲ့ခရီးကြမ်းကိုတော့
လမ်းဆုံးအောင်သွားရလိမ့်မယ်။
တောင်တွင်းရထားပေါ်မှာလဲ
သဲသဲလှုပ်နေတဲ့ ကျွန်းရွက်ခြောက်တွေ
ကျွန်းရွက်ခြောက်တွေ
ထန်းခေါက်ဖာကိုပိုက်သူပိုက်
သံသေတ္တာကို နှိုက်သူကနှိုက်
တချို့အိပ်ငိုက်သူကငိုက် အိပ်သူကအိပ်
ပုတီးစိပ်သူကစကားမပြော
စကားပြောသူကသောသောညံ
သူတို့စကားသံတွေထဲမှာ
ဆန်ဈေးအကြောင်း
ကြံဈေးအကြောင်း
သားဈေးအကြောင်း
ငါးဈေးအကြောင်း
သစ်ဈေးအကြောင်း
မျှစ်ဈေးအကြောင်း
ပဲဈေးအကြောင်း
ကျွဲဈေးအကြောင်း
ထန်းလျက်ဈေးအကြောင်း
ဝက်ဈေးအကြောင်း
အရက် ဈေးအကြောင်း
သမက်ဈေးအကြောင်း
ဆားဈေးအကြောင်း
နွားဈေးအကြောင်း
ဘုရားဈေးအကြောင်း
ဆီဈေးအကြောင်း
ထဘီဈေးအကြောင်း
နေ့ပြန်ပေးအကြောင်း
ပဲဖော်ပေးအကြောင်း
အမတော်ကြေးအကြောင်း
ဂိတ်ကြေးအကြောင်း
ဝင်ကြေးအကြောင်း
လစဉ်ကြေးအကြောင်း
ဘာကြေးအကြောင်း
ညာကြေးအကြောင်း
အကြောင်းပေါင်းစုံ
ဈေးပေါင်းစုံကြေးပေါင်းစုံ။
လက်မှတ်တစ်စောင်စီမှာ
အကြောင်းကိုယ်စီ ပြဿနာကိုယ်စီနဲ့
ပြဿနာပေါင်းစုံကို
စုပြုံတင်လာတဲ့ရထားကြီး
တံတားတစ်ခုပြီးတစ်ခုဖြတ်
ဘူတာတစ်ခုပြီးတစ်ခုရပ်တန့်
ဒလန့်ချွန်
ကန်သာ
သစ်ပုပ်ပင်။
ရေနွေးငွေ့ကို ဇက်ကြိုးတပ်ခါစ
ဆယ့်ကိုးရာစုနှစ် အစက
ပထမဆုံးမီးရထားကြီးဟာ
ခွာမလိပ် ခြေမညောင်း
သုံးချောင်းထောက်ပြေးရာက
အသားကျပြေး
အသားကျပြေးရာက ကဆုန်ပေါက်
ကဆုန်ပေါက်ကဒုန်းစိုင်းတော့
မြင်းရိုင်းကိုအောင်မြင်စွာ
 ဇက်ခွံ့နိုင်ပြီဆိုပြီး
သံမဏိမြင်းကြီးသံမဏိမြင်းကြီးလို့
ခေါ်ခဲ့ကြတယ်။
အင်း
တောင်တွင်းကိုသွားတဲ့မြင်းဟာ
သံမဏိမြင်းတော့ သံမဏိမြင်းပါပဲ
ဒါပေမယ့် ပြတင်းကရွဲ့
တံခါးကပဲ့ပြီး သံချေးတက်လက်ကိုင်
ထိုင်ခုံက ကျိုး
အမိုးက ဆန်ကာပေါက်ဗရပွ
အကာက ဆေးရောင်ပျက်
မျက်နှာကြက်နဲ့အမိုးကြားမှာ
တူပုန်းတမ်းကစားကြလို့
တချို့ပဲ့ တချို့ဟောင်းလောင်း
စိတ္တဇပန်းချီကားကောင်း တစ်ခုကို
ကြည့်ရသလိုပါပဲ။
သံမဏိမြင်း တောင်တွင်းရထားဟာ
တံတားတွေဖြတ် ဘူတာစဉ်ရပ်
ရိုးစပ်ကိုဝင် လွင်ပြင်ကိုဆင်းလာခဲ့တယ်။
တောင်တွင်းရောက်တော့
တဒေါက်ဒေါက်ပြေးလာတဲ့
သံမဏိမြင်းကြီးဟာ
အသက်ကိုမျှဉ်းမျှဉ်းသာရှူတော့တဲ့
စက္ကူမြင်းကြီးဖြစ်သွားရှာတယ်။
စက္ကူမြင်းကြီးပေါ်ကကျွန်းရွက်တွေ
ဘဝအထွေထွေ အနေအမျိုးမျိုး
ရိုးမတစ်ကြောက သစ်ခုတ်သမားလဲပါရဲ့
ယာသမားနဲ့ ကြံတောင်သူ
ဆန်မှောင်ခိုသူလည်းရှိ
အလှူရေစက်ချ ပစ္စည်းဝယ်သူ
တစ်နယ်က မိဘကိုကန်တော့ပြန်လာသူ
ရန်ကုန်သွားပြီး ပင်စင်လျှောက်သူ
ကျောက်ကုန်ကူးသူ
အမူးသမားက လျှက်ဆားသည်ဆီမှာ
နမူနာတောင်းလို့။
ဖြူပြာပြာ အသားပေါ်မှာ
ပါးကွက်ကျား ထူထူ
မျက်နှာထားစူစူနဲ့တောသူမလေး
အဝေးကတောရိပ် တောင်ရိပ်တွေကို
ကြည့်လိုက်
ငေးလိုက်
တွေးလိုက်။
သူ ဘာတွေကိုတွေးနေတယ်ထင်သလဲ
ဆရာတင်ရဲ့ရွှေပြည်စိုးကိုညည်းရင်း
ရွှံ့တွေ ကပ်စေးကပ်စေး ပုတီးလုပ်ကာ
အုန်းမှုတ်ခွက်ကိုဆင်ကာ
ဒေါ်လာပြားကို
ဆယ့်ငါးပြားလောက်ဆွဲချင်တာလို့
အသံဝါကလေးနဲ့
ညည်းမယ်ထင်သလား။
မဟုတ်ဘူး
ခိုင်ထူးရဲ့သီချင်းတစ်ပုဒ်ကို
ပြန်ဆိုထားတဲ့
မနေ့ညကပြဇာတ်မင်းသားရဲ့
စကားချိုပလီနဲ့ပျားချိုရည်ကို
လွမ်းနေတာ။
အကြမ်းအနု နှစ်ခုစလုံးပိုင်တဲ့
ဒိုင်ဗင်တွေအိုင်တင်တွေ
ဖိုက်တင်တွေကိုလွမ်းနေတာ။
သူ့ဘေးမှာလူမမာတစ်ယောက်
ဘာဘူစောင်စုတ်ကိုခြုံပြီး
သံပတ်ကုန်သွားတဲ့စက်ရုပ်တစ်ရုပ်လို
မလှုပ်မယှက် ငြိမ်သက်တိတ်ဆိတ်
လှဲအိပ်လာရင်း တဟင်းဟင်းညည်း
သီချင်းကြီးတစ်ပုဒ်ကို မဆိုတတ်ဆိုတတ်
ဖန်သားပြင်ပေါ်မှာ ကလို့ဇပ်  ရရင်ရ
မရလဲ မတ်တပ်ရပ်ပြရရင်
လူဖြစ်ရကျိုးနပ်ပြီဆိုတဲ့
အဆိုတော်ရူးရဲ့ ညည်းသံမျိုးလို။
သြော် ဟုတ်လား
ကင်ဆာတဲ့လား ရင်နာသတဲ့လား
ပျဉ်းမနားဆေးရုံမှာ
ဆေးစုံအောင်စား မေးတုန်အောင်ဖျား
သွေးကုန်အောင် စု
အရေးကုန် ကုခဲ့ပြီလား
သူ့ရောဂါကမသေး အနှေးနဲ့အမြန်
ရက်ပိုင်းသာကျန်တော့သမို့
အိမ်ကိုပြန်ခေါ်ပြီး
ကျွေးချင်ရာကျွေးတော့လို့
ဆရာဝန်က ထင်မြင်ချက်ပေးလိုက်သတဲ့။
ဒီလိုနဲ့
စက္ကူမြင်းတောင်တွင်းရထားပေါ်မှာ
မျှော်လင့်ချက်မဲ့ရာကိုသွားနေတဲ့သူ
မျှော်လင့်ချက်ရှိရာကိုသွားနေတဲ့သူ
မရဏဆီကိုသွားနေတဲ့သူ
ဘဝဆီကိုသွားနေတဲ့။
ဒီအထဲမှာ
ဘဝဆီကိုလဲမသွား
မရဏဆီကိုလဲမသွား
မျှော်လင့်ချက်ရှိရာကိုလဲမသွား
မျှော်လင့်ချက်မဲ့ရာကိုလည်းမသွားတဲ့
ဥပေက္ခာဝါဒီမိန်းမငယ်တစ်ယောက်
မို့မောက်တဲ့ ရင်ခွင်မှာ
အခါလည်အရွယ်ကလေးငယ်ကိုပိုက်
လက်မောင်းညိုသွယ်သွယ်နဲ့ပွေ့ချီ
အိမ်သာနံရံကိုမှီပြီး
မတ်တပ်ရပ်လိုက်လာတယ်။
မြို့တော်ရန်ကုန်က ဆေးရုံမှာ
ဂုန်နီအိတ်ပတ်ထားတဲ့သူယောင်္ကျားရဲ့
နံပါတ်ပြားထိုးထားတဲ့ အလောင်းကို
ပိုင်ရှင်မဲ့ အသုဘအဖြစ်
အမျှသာယူရစ်ကြပေတော့လို့
ထားပစ်ခဲ့ပြီး
ဝေးလံတဲ့ခရီးကြီးကိုထွက်လာခဲ့တယ်။
မနေ့ညနေခြောက်နာရီမှာ
ရန်ကုန်ဘူတာကြီးကထွက်ကတည်းက
သဲသဲလှုပ်လှုပ်လူအုပ်တွေကြားထဲမှာ
တိုးဝှေ့တက်လာခဲ့ပြီး
ရထားကြီးပေါ်ရောက်တော့
ဟိုလျှောက် သည်လျှောက်
ခေါက်တုံ့ ခေါက်ပြန်
အမြန်ရထားပေါ်မှာ
ထိုင်စရာထိုင်ခုံလိုက်ရှာတော့
သူ့လက်မှတ်မှာ ထိုင်ခုံနံပါတ်မရှိ
တွဲနံပါတ်မရှိ ဘာမျှမရှိ
နတ္ထိ။
ပြည့်ကျပ်နေတဲ့လူသွားလမ်းမှာ
လမ်းလျှောက်စရာမရှိ
ဟိုကဖိ သည်ကဖိ
ဟိုကဆဲသည်ကဆဲ
ထိုင်လို့လဲမရထလို့လဲမရ
ခြေချစရာကမရှိနဲ့
တအိအိ တိုးလာတော့
နောက်ဆုံးမှာအိမ်သာဘေး
ခြေချစရာတစ်နေရာရလို့
အထုပ်ကိုချ
ကလေးငယ်ကို ခါးတစ်ခွ ချီတစ်လှည့်
ပွေ့ပိုက်ချီ တစ်လှည့်
ဟိုလှည့်သည်လှည့်
ဟိုစောင်း သည်စောင်း
တဂျောင်းဂျောင်းခုတ်နေတဲ့
ရထားကြီးပေါ်မှာ
မိုးချုပ်ကမိုးလင်း
မိုးလင်းက နေထန်းတစ်ဖျား
နေထန်းတစ်ဖျားကနေ မွန်းလတ်
မွန်းလတ်က မွန်းတည့်
မွန်းတည့်က မွန်းတိမ်း
မွန်းတိမ်းက မွန်းယိမ်း
မွန်းယိမ်းက နေစောင်းသည်အထိ
ဒုက္ခ  စရိယာကိုကျင့်လာတဲ့
ဥပေက္ခာဝါဒီ။
ကဗျာဆရာငါဟာ
ဘာမဟုတ်တဲ့ကိစ္စလေးကို
တစ်ဆိတ်တစ်အိတ်လုပ်ရင်း
ငုတ်တုတ်ထိုင်ညည်းနေတယ်
ငါညည်းပေမယ့်ရထားကြီးကတော့
သွားမြဲသွားနေမှာပါပဲ။
ဒါပေမယ့်တောင်တွင်းရထားဟာ
သွားရင်းနဲ့သံမဏိမြင်းမဟုတ်တော့ဘဲ
စက္ကူမြင်းဖြစ်သွားရှာပြီ။
စက္ကူမြင်းကြီး ဂျုံးဂျုံးကျလို့
သံတိုသံစဖြစ်သွားတော့မှ
အဲဒီသံတိုသံစတွေကို အရည်ကျိုပြီး
ပိုအားကောင်းတဲ့
သံမဏိမြင်းတစ်ကောင်
ထူထောင်ရမှာပေါ့။
အိုတောင်တွင်းရထား
အိုကြေးနီရထား
အဲဒီအခါမှာ
သင့်အသွင်ထူးခြား
သဏ္ဍာန်ထူးခြား
နတ်မြင်းပျံလို မြူးကြွားသည့်ဟန်
သင့်ခွာသံသည်
မိုးယံပဲ့တင် ထပ်စေသတည်း။    ။

မောင်သစ်တည်(မြသန်းတင့်)
ရင်ခုန်ပွင့်၊စက်တင်ဘာ၊၁၉၈၈နှင့်စာပေဂျာနယ်အတွဲ-၃၊အမှတ်-၂၊၁၉၉၅၊အောက်တိုဘာမှ....