Friday, September 3, 2010

ချင်းတောင်တန်းပေါ်ကရွာချလိုက်တဲ့အလွမ်းတွေ

ပျော်စရာတွေကိုပလိုင်းထဲထည့်သယ်လာမယ့်ညီမလေးကတောင်ယာမှာ
ပေါင်းနှုတ်နေတုန်းပဲဆိုပါတော့
ဆန်ကြမ်းနဲ့ရောစားရတဲ့အိပ်မက်တွေဟာမချိုဘူး
ရိုးရာမပျက်စနစ်တကျအလိုမပြည့်မှုတွေနဲ့
တစ်ဖက်ခြေတံရှည်အိမ်ကလေးမှာမီးခိုးနံ့သင်းနေခဲ့။

အဖေလည်းအဝေးကြီးမှာ
တောင်ယာတွေကိုသတိရနေမလား
တစ်ခုခုလိုနေတဲ့ညနေစာထမင်းဝိုင်းလေး
စားပွဲအိုပေါ်မှာအကျဉ်းစံ..။

နှင်းငွေ့တို့ပွဲသိမ်းအကွက်နင်းချိန်တော့
ကျွန်တော့်ဆီကထွက်ခွာသွားသူတွေ
ကျွန်တော့်ထံပြန်လာကောင်းပါရဲ့
လမ်းတွေကအကွေ့ကွေ့အ၀ိုက်ဝိုက်
အကျပ်အတည်းဆီကိုဦးတည်သွား
ဘယ်ရနံ့ကများချောင်လည်လို့လဲ။

သမိုင်းဦးကနေ.....ဒီနေ့အထိ
အကြောင်းရာစုံပေါ်
အလွမ်းမွဲမွဲတွေရွာချနေရတယ်........။...............။



အောင်မှူးဝေ


၁၈.၆.၂၀၁၀

သစ်ပင်တွေကြားရင်အားနာစရာ

နေ့စဉ်လှုပ်ရှားမှုများစွာမှာသံကြိုးမြည်သံတွေညံလို့
လူ့ဘဝ
ကဗျာဆိုတာလည်း
ကိုယ့်အသားကိုယ်စကားလုံးတွေနဲ့ခုတ်ခွာနေရသလိုမျိုး
၃၈လမ်းလည်း၃၈လမ်းအလျောက်
ဖြောင့်ဖြူးခဲ့တာပဲ
ကဗျာဆရာတွေသစ်ပင်စိုက်ကြသတဲ့
ကိုယ့်ဘ၀ကိုယ်ဖြောင့်အောင်မစိုက်နိုင်သူတွေတော့
ရှိကောင်းရှိနိုင်ပါတယ်
သူတို့ကတော့
ကျောက်ခေတ်မီးလုပွဲတွေဆီ
အမဲလုပွဲတွေဆီပြန်ရောက်သွားကြပေါ့။
လူတွေစိမ်းလန်းဖို့အရေးကြီးတယ်
သစ်ပင်စိုက်တာလူတွေစိမ်းလန်းဖို့တဲ့လား
တိုးတိုးပြော
သစ်ပင်တွေကြားရင်အားနာဖို့ကောင်းတယ်။ ။



အောင်မှူးဝေ

ကဗျာဆရာတို့၏သစ်ပင်စိုက်ပွဲတော်နေ့သို့အမှတ်တရ....

ဒီအိမ်ကလေးမှာ...(၂)

ထားခဲ့တော့စိတ်ကျေနပ်သလိုပဲ
ကော်ဖီမစ်အိတ်ခွံလေးပစ်ထားခဲ့ပုံမျိုး
ရင်ထဲမှာဘာအရသာမှမကျန်ရစ်ဘူး
ကျောသားရင်သားမခွဲခြားတဲ့ဒဏ်ရာတွေနဲ့
ထားခဲ့...။
ထားခဲ့တော့အာရုံရှိသလိုပဲ
မီးချောင်းအကျွမ်းလေးမြောင်းထဲလွှင့်ပစ်လိုက်ပုံမျိုး
ရင်ထဲမှာဘာအလင်းဓာတ်မှမကျန်ရစ်ဘူး
အစိတ်အကွဲဘ၀နဲ့
ရေထဲဆင်းတဲ့ခြေထောက်မှန်သမျှစူးအောင်
ထားခဲ့..။
အနာဂတ်မှာလည်း..
အမုန်းတွေရွက်နုသစ်သလောက်
အထီးကျန်တောအုပ်ကစိမ်းနေဦးမှာပဲ
အဝေးပြေးလမ်းမပေါ်လွင့်ကျသွားတဲ့
ရေသန့်ဘူးခွံလေးလိုထားခဲ့
ဒါမှမဟုတ်..
နင့်နှုတ်ခမ်းနီတွေမညှာမတာခြေတော်တင်သွားတဲ့
တစ်ရှူးနုနုလေးလိုငါ့ကိုထားရစ်ခဲ့။
ထားခဲ့
အသည်းနှလုံးလား
သဖန်းတောမှာပစ်ထားခဲ့တယ်ဆိုသလိုမျိုး
မိုးခေါင်ခေါင်လူ့သဖန်းတောမှာငါ့ကို
ထားခဲ့..။
မှော်ဝင်အသက်ရှင်မှုတွေနဲ့
ဟောဒီကမနက်ဖြန်အိမ်ကလေးမှာ...။

အောင်မှူးဝေ
၂၉.၆.၂၀၁၀
အခြေနေအရချစ်သူနဲ့လမ်းခွဲလိုက်ရသောသူငယ်ချင်းများသို့ရည်ညွှန်းပါသည်။

နှင်းကြည်လွင်(သို့မဟုတ်)ရထားမ၀င်တဲ့ဘူတာပျက်ကလေး

ပေါ့ပေါ့ပါးပါး ရယ်မောလှုပ်ရှား စားသောက်အသက်ရှင်ချင်
မီးခိုးငွေ့တွေလို
နှင်းဆီပန်းတွေလိုခဏပွင့်သွားတဲ့
အဆင်ပြေပြေမနက်ခင်းများမှာနှင်းကြည်လွင်
ဘုရားမသွားပါ
နတ်ဆိုးတွေဝှက်ထားတဲ့ညအံဝှက်ထဲ
အမဲလိုက်ဖို့ချောင်းနေပါတယ်။
မြို့တော်ခန်းမရှေ့
ထိုးဆိုက်လာတဲ့အထူးကားပေါ်မှာနှင်းကြည်လွင်မပါ
မြို့သစ်ကို
သန်းခေါင်ကျော်မှရောက်ပါမယ်။
မိသားစုပရိယေသနများသူ့ခေါင်းပေါ်
ခိုတွေလိုအသိုက်ဖွဲ့နေလို့
ဆူးလေလမ်းမပလက်ဖောင်းများမှာနှင်းကြည်လွင်
ခိုစာရောင်းပါတယ်။
မျက်လုံးပေါင်းများစွာကနေ
လျှံကျလာသောအထင်သေးမှုများ....
နှင်းကြည်လွင်ကိုမသတ်ဖြတ်နိုင်ပါ။
အောင်မှူးဝေ

ကျွန်တော်ဆက်လက်မရေးရက်တော့တဲ့ကဗျာတစ်ပုဒ်ပါနှင်းကြည်လွင်။
မိဘလုပ်အားနဲ့အသက်ရှင်နေတဲ့သမီးများရဲ့ပျော်ရွှင်မှုတချို့တ၀က်လောက်နှင်းကြည်လွင်ကိုမျှဝေပေးကြဖို့တောင်းဆိုချင်ပါတယ်။လူသားချင်းစာနာထောက်ထားသဖြင့်ပေါ့ဗျာ။

ခွေး

လူတွေနဲ့ဆက်ဆံရတာမလွယ်ဘူး
ရွှေဘောလုံးကိုကိုက်နေရသလိုပဲ
ငါ့စားခွက်လောက်မှမပြောင်ရောင်တဲ့ညည်းချင်းတွေနဲ့
လူတွေရဲ့ဒီနေ့ဆိုတာကို
ငါမယုံကြည်ဘူး
ဘာလုပ်မလဲ
လမ်းဆိုလည်းအမြီးနန့်ဖို့နေရာရှားလှချည့်
ဒီနေရာမှာ
လူများသာအမြီးနန့်ကြသည်ဆိုင်းဘုတ်ဆွဲလို့
ခေတ်အဆက်ဆက်
လူတွေနဲ့ပြိုင်ဟောင်နေရတာမောတယ်
ပိုက်ဆံဟာ
အမဲရိုးတစ်ချောင်းလောက်အရသာမရှိပါဘူး
အမှိုက်ပုံထဲကရာဇ၀င်ဟာ
ငါ့အတွက်
တောက်ပြောင်နေတုန်းပဲ..။ ။


အောင်မှူးဝေ

ငရဲပြည်ကစိန်တစ်လုံး

တစ်နေ့တစ်နေ့..
သုံးလို့မရတာတွေကအားကောင်းမောင်းသန်
ဥပမာ
အိမ်သာနားကကန်စွန်ပင်ကြီးတွေသန်လိုက်တာ
ဆိုသလိုမျိုး
ခပ်၀၀မိန်းမတစ်ဦးကို
နံပါတ်သေးတဲ့ဘရာဇီယာဝတ်ခိုင်းမယ့်အစား
ပြုတ်တူနဲ့သာညှပ်သတ်လိုက်ပါရှင်
ဆိုတဲ့
နှောင်ကြိုးမဲ့ပေါက်ကွဲသံစဉ်တွေလိုမျိုး
တစ်နေ့တစ်နေ့
သုံးလို့ရတာတွေကအားနည်းလွင့်ကြွေလို့
ကောင်းတဲ့အရာတွေဟာ
လက်တစ်ဝါးလောက်ကရှေ့ဆက်တက်မလာဘူး
အခုတစ်လော
နတ်ဖန်ဆင်းတဲ့ရာသီဥတုကို
နားလည်ချင်ယောင်ဆောင်ပြီးငေးကြည့်နေတဲ့စိန်တစ်လုံးဟာ
သရက်သီးဆိုပေမယ့်သရက်ပါးမ၀ရှာတဲ့အဖြစ်
ကြည့်လေ
သူ့ကိုယ်သူငရဲကလာမှန်းမသိတဲ့ကောင်
ဘာသရက်မှန်းမသိတဲ့ကောင်
လျှာမရှိသူတွေကိုမြိန်ရေယှက်ရေပေးဆပ်လို့...။ ။


အောင်မှူးဝေ


စိန်ပါတဲ့နာမည်တွေရိပ်မိကြရော့ကွာ။။

ပုံပြင်

ပုံပြင်ဟာ
ဆူးသားစစ်စစ်အတောင်ပံနဲ့
လည်ချောင်းထဲကအိပ်မက်ကိုအရိုးထွင်နေတယ်
ရနံ့တွေအနာခံပြီးဘ၀ကိုစတေးလိုက်ဖို့
ပုံပြင်ပီသခဲ့တာမဟုတ်ကြောင်းလည်း
ပြောရဲ့..။
ညနေညနေဆိုပုံပြင်ကရထားတစ်စင်းလို
အားလုံးကို
သူ့ရင်ထဲထည့်ပြီးသယ်ဆောင်သွားတတ်ရဲ့
ကြယ်ဖြူလေးတွေရဲ့စနစ်တကျရှင်သန်မှုမှာ
လွမ်းစရာအကောင်းဆုံးစာသားဟာ
ပုံပြင်များဖြစ်နေမလား
ပုံပြင်ဟာပုံပြင်တစ်ပုဒ်ထက်ပိုပြီးအဆိပ်ပြင်းလိုက်ဖို့
ပုံပြင်တစ်ပုဒ်ထဲမှာပဲစဉ်းစားဖူးခဲ့တယ်။ ။



အောင်မှူးဝေ

ဖျက်သိမ်းခံလိုက်ရတဲ့ကောင်မလေးတစ်ယောက်ရဲ့ကတိစကားတစ်ခွန်းသို့......
သူငယ်ချင်းကိုယ်စားရေးဖွဲ့ပါသည်။

ပုံပြင်

ပုံပြင်ဟာ
ဆူးသားစစ်စစ်အတောင်ပံနဲ့
လည်ချောင်းထဲကအိပ်မက်ကိုအရိုးထွင်နေတယ်
ရနံ့တွေအနာခံပြီးဘ၀ကိုစတေးလိုက်ဖို့
ပုံပြင်ပီသခဲ့တာမဟုတ်ကြောင်းလည်း
ပြောရဲ့..။
ညနေညနေဆိုပုံပြင်ကရထားတစ်စင်းလို
အားလုံးကို
သူ့ရင်ထဲထည့်ပြီးသယ်ဆောင်သွားတတ်ရဲ့
ကြယ်ဖြူလေးတွေရဲ့စနစ်တကျရှင်သန်မှုမှာ
လွမ်းစရာအကောင်းဆုံးစာသားဟာ
ပုံပြင်များဖြစ်နေမလား
ပုံပြင်ဟာပုံပြင်တစ်ပုဒ်ထက်ပိုပြီးအဆိပ်ပြင်းလိုက်ဖို့
ပုံပြင်တစ်ပုဒ်ထဲမှာပဲစဉ်းစားဖူးခဲ့တယ်။ ။



အောင်မှူးဝေ

ဖျက်သိမ်းခံလိုက်ရတဲ့ကောင်မလေးတစ်ယောက်ရဲ့ကတိစကားတစ်ခွန်းသို့......
သူငယ်ချင်းကိုယ်စားရေးဖွဲ့ပါသည်။