Thursday, July 26, 2012

ငါ တို့  အ မေ( ၂ )


အမေ့အမွေတွေကိုလိုချင်နေတဲ့လူတစ်ယောက်ကတခြားလူမဟုတ်ဘူး။ငါ့အဖေရဲ့အမေ အဘွားဒေါ်စိန်ပဲ။ သူ့အကြောင်းလည်းပြောရရင်တော့ အများကြီးပဲ။သူက ဘုတလင် နယ်ကူတော်ရွာဇာတိ။သိန်းဖေမြင့်တို့အမျိုးလို့ပြောတယ်။ဘုတလင်ချစ်လေးတို့နဲ့လည်းခင်တယ်။သူ့ပထမယောင်္ကျားကဦးဘဥာဏ်လို့ခေါ်တယ်။မုံရွာမှာရှေးခေတ်က အိတ်ဝါဆန်စက်ဆိုတာရှိတယ်။အဲဒီဆန်စက်ကြီးရဲ့စက်ရုံမှူးတဲ့။ဦးဘဥာဏ်ကလည်းမိန်းမတော်တော်များတယ်။သူတို့ခေတ်ကငါတို့ခေတ်လိုမျိုးစက်ရုံပေါတဲ့ခေတ်မဟုတ်လေတော့စကရုံမှူးတွေမျက်နှာပွင့်တာအဆန်းတော့လည်းမဆိုသာဘူးပေါ့ကွာ။
ငါ့အဘွားဒေါ်စိန်တို့ကမိသားစုအတော်များတယ်။မောင်တွေညီမတွေကိုကတပ်စုတစ်စုလောက်ရှိမယ်။ဒီတော့ ဆန်ကြိတ်တဲ့စက်ရုံမှာစပါးလှည်းနဲ့ဆန်လာလာကြိတ်ရတယ်။ပုဂ္ဂလိကဆန်စက်သိပ်မရှိတဲ့ခေတ်ဆိုတော့ အစိုးရဆန်စက်ကြီးကိုပဲအားကိုးကြရတာကိုး။ငါတို့ချင်းတွင်းဒေသအကြောင်းမင်းတို့လည်းအသိသားပဲကွာ။အစိုးရဆိုတိုင်းစိတ်ချရတယ်မှတ်နေတော့တာကိုး။အစိုးရဆန်စက်မှာဆန်ကြိတ်ရင်ဖွဲဆန်ကွဲလောက်တော့အခိုးမခံရဘူးဆိုတဲ့စိတ်မွေးကြတာကိုး။ကိုယ့်ရွာမှာကိုယ်မောင်းနဲ့ထောင်းစားရမှာတောင်စိတ်မချဘူးလားမသိပါဘူးကွာ။အဲဒါ
ငါ့အဘွားက စပါးလှည်းနဲ့မုံရွာမြို့ပေါ်တက်တက်ပြီးဆန်ကြိတ်ရင်း စက်ရုံမှူးဖြစ်တဲ့ငါ့အဘိုးဦးဘဥာဏ်နဲ့ညားတာပဲ။ဦးဘဥာဏ်ကလည်းခေသူတော့မဟုတ်ဘူးကွ။လင်းယုန်မောင်မောင်တို့အစ်ကိုဝမ်းကွဲတော်တယ်။ငါ့အဘိုးဦးဘဥာဏ်နဲ့အဘွားဒေါ်စိန်တို့ဟာတမာရနံ့ထနောင်းရနံ့တွေသင်းမြနေတဲ့မုရွာဘုန်းစိုးကွက်သစ်မှာအိမ်ကလေးမှာနေကြတယ်။အဲ့ဒီအိမ်မှာငါ့အဖေကိုမွေးတာပဲ။ငါ့အဖေမွေးတဲ့အချိန်မှာထူးဆန်းတာတစ်ခုကဖြစ်သေးတယ်။အဲဒါကတော့...
(ဆက်ရန်..)

Wednesday, July 25, 2012

ငါ တို့  အ မေ ( ၁ )


 ငါတို့အမေအကြောင်းပြောပြစရာတွေကတော့အများကြီးပေါ့။
ငါတို့အဖေအကြောင်းတော့ ငါသိပ်မပြောတတ်ဘူး။အဖေနဲ့ငါနဲ့ကသိပ်မတည့်ဘူး။အမေနဲ့အဖေကငါအပါဝင်သားငါးယောက်မွေးခဲ့တယ်။
ငါကအလတ်ပေါ့။သိပ်လည်းမအေးလွန်းသိပ်လည်းမပူလွန်းတဲ့ ချင်းတောင်ခြေမြို့ကလေးမှာအမေနဲ့အဖေတို့ဟာဒီနေ့ခေတ်အချစ်ဝတ္ထုတွေထဲကလိုမဟုတ်တဲ့သာမန်ချစ်ရိုးချစ်စဉ်
သဘာဝအတိုင်းတွေ့ဆုံချစ်ကြိုက်ခဲ့ကြတယ်လို့သိရတယ်။ငါတို့ကြီးပြင်းလာကြချိန်မှာသူတို့ကအိမ်ထောင်ရေးကို
စိတ်ကုန်နေကြပြီဆိုတော့ ဘယ်လိုတွေ့ကြတယ် ဘယ်လိုချစ်ကြတယ် ဘယ်လောက်မြတ်နိုးကြတယ်ဆိုတာတစ်ဖွဲ့တစ်နွဲ့မပြောကြတော့ဘူးပေါ့။ငါတို့မြို့ကလေးရဲ့မြို့မဈေးအနီးမှာစတွေ့ကြတယ်ဆိုတာလောက်ပဲငါတို့သိရတယ်။
အဖေက ဒီနေ့အောင်မြေမာန်ခေါ်တဲ့ အောင်မင်္ဂလာရပ်ကွက်ကျုံးကြားမှာပျဉ်ထောင်အိမ်နဲ့နေတာ။အဖေ့ဘက်ကမိဘတွေဟာပရိဘောဂလုပ်ငန်းလုပ်ကြတာပေါ့။
ထင်းရှူးသေတ္တာတွေ၊စားပွဲကုလားထိုင်တွေ၊ကြောင်အိမ်တွေ၊ဗီရိုတွေစသဖြင့်ပေါ့။အမေ့မိဘတွေကတော့ပွဲစားတွေပါ။ဒီနေ့မြန်မာ့စီးပွားရေးဘဏ်နေရာဟာအမေ့အိမ်အောင်ပဒေသာပွဲရုံနေရာဖြစ်တယ်။
အမေ့အစ်ကိုငါ့ဘကြီးဦးထွန်းရွှေမလိမ္မာလို့အစိုးရဆီမှာအပေါင်ဆုံးသွားခဲ့တာပဲ။အစိုးရဆီကပိုက်ဆံချေးတာပြန်မဆပ်နိုင်လို့အိမ်ကြီးကိုထိုးအပ်လိုက်ရတာလို့ဆိုတယ်။ငါတို့အမေနဲ့ဘကြီးတို့အမွေဆိုင်တိုက်ကြီးပါ။အစိုးရကချစ်တီးလယ်သိမ်းသလိုသိမ်းခဲ့တာတော့မဟုတ်ပါဘူး။
ညှာတာထောက်ထားစွာနဲ့ ငွေပြန်အမ်းသေးတယ်ပြောပါတယ်။အဲဒီငွေကိုငါ့အမေလည်းမသုံးလိုက်ရပါဘူး။ငါတို့ဆိုပိုဝေးတာပေါ့။အမွေဟာ ဆွေမျိုးတွေရဲ့မေတ္တာတရားကိုသတ်ပစ်တတ်တယ်လို့အမေကခဏခဏပြောဖူးတယ်။
အမေကအမွေကိုမမက်ပေမယ့် မက်တဲ့လူတစ်ယောက်ကတော့ရှိနေတယ်။အဲဒီလူဟာဘယ်သူလဲဆိုတာငါတို့သိလိုက်ရချိန်မှာ.......
(ဆက်ရန်...)

Sunday, July 22, 2012

...
ငါတို့နိုင်ငံ




ငါတို့ရဲ့နိုင်ငံတော်
ပျော်စရာအလွန်နည်း။

သူတစ်လူ ငါတစ်မင်းနဲ့
အဖြူကို ကာလာညှင်းတယ်
အင်း..
စိတ်ညစ်စရာပဲ။    ။

အောင်မှူးဝေ
....

ပျက်ကျသွားတဲ့လရောင်တွေ

by Hero Rose on Tuesday, July 10, 2012 at 7:54pm ·
ကြောက်စရာနဲ့သနားစရာ မကွဲတဲ့ရာသီ
ကျွန်တော်တို့သီဆိုကြတဲ့သီချင်း နည်းနည်းလေးပဲလင်းတယ်
ထပ်ထပ်ကျော့ရတဲ့အပိုဒ်တွေလည်းများလွန်း။
ဟောဒီမှာ...
ကျွန်တော်တို့ဖြတ်သန်းပြီးသား သက္ကရာဇ်တွေ
သွေးမျက်ရည်အတိ အသံတိတ်ဇာတ်လမ်းဟောင်းတွေ
ပစ်ချထားတဲ့အရာတွေထဲ
ခင်ဗျားတို့ကြိုက်တာရွေးပြီးလွမ်းနိုင်ကြောင်း
သမီးလေးရဲ့ကျောင်းလွယ်အိတ်မှာ
အစွယ်ဖွေးဖွေးခြပုန်းတွေအိမ်ဖွဲ့ကြတဲ့အကြောင်း
ကိလေသာနဲ့ပတ်သက်ရင်
ဘယ်သူ့ကိုမှ စိတ်မချရတဲ့နေ့တွေအကြောင်း
အဲဒီလိုအကြောင်းတရားများ
လက်ဆောင်ပန်းစည်းထဲ ခေါင်းဝှက်ထားတဲ့ပစ္စတိုတစ်လက်လို
တစ်ယောက်ကိုတစ်ယောက်အလဲထိုးဖို့
အဆင်သင့် ထုပ်ပိုးပြီးသား အတွေးအခေါ်များ
မနက်ဖြန်က သံမဏိမျှားချိတ်တစ်ခုလို မျှားတဲ့အခါ
မအော်နဲ့
ဒဏ်ရာတွေကတိတ်ဆိတ်လွန်းလို့ပါ
အာဖဂန်နစ္စတန်က မူလတန်းကျောင်းလေးပေါ်
ဗုံးမိုးတွေ ရွာချတဲ့ဒဏ်ရာ
နွားကျောင်းသားတွေက
လူကြီးလူကောင်းစကားကို နားမလည်ဘူး
အာဖဂန်ရဲ့ လရောင်နုနုကလေးတွေ
မိသားစုဘယ်နှစုစာ ပျက်ကျခဲ့တာလဲ
ကြားရာအရပ်ကနာကျင်တယ်။     ။
အောင်မှူးဝေ
....

စမ်းစမ်းကြည်ရဲ့ယုံလွယ်တေး

by Hero Rose on Monday, July 16, 2012 at 6:04pm ·
ယုံလွယ်သူရဲ့တေးမှာ သံသယဟာသီးခွင့်ပွင့်ခွင့်မဲ့ခဲ့တယ်
စကားလုံးတစ်ခုခု ကောက်သုံးလိုက်တာနဲ့ဘဝကမောစရာတွေပြည့်လာတော့တာပဲ
ကဖေးဆိုင်လေးတစ်ခုထဲကငါလှမ်းငေးတော့လည်းအားလုံးကအဆင်ပြေနေကြသလိုပေါ့
လှကြတယ်/မော်ကြွားကြတယ်/ဆေးအသစ်တစ်မျိုးကို အစမ်းသုံးကြည့်ကြသလိုမျိုး
လွတ်လပ်တယ်/လူ့အခွင့်ရေး/ပွင့်လင်းမြင်သာမှု..ဆိုတာတွေကိုစမ်းစမ်းကြည့်ကြတယ်
ဒီကဗျာကို မောင်ဖီလာလေနဲ့ရေးချင်တယ် ကျီးကန်းအာသံတွေထည့်ရေးချင်တယ်
ကျီးကန်းက ကျီးကန်းအခွင့်အရေးအပြည့်အဝနဲ့အာနေတာ
ပိုပြီးပွင့်လင်းမြင်သာအောင် ချွတ်ထားကြပါလား..တဲ့၊စမ်းစမ်းကြည်ကပြောတယ်
သူကခေတ်ကိုတီးမိခေါက်မိရှိတာကိုး စမ်းစမ်းကြည့်နေတော့ အပျော့သဘောအမာသဘော
နောကျေနေမှာပေါ့။
စမ်းစမ်းကြည်ကငါးရောင်းတယ်/ခွေးအမည်းတွေနဲ့ဈေးမွဲလေးထဲမှာပေါ့
သူကပြောသေးတယ်
ခေတ်က ဒီမိုကရေစီဆိုတော့
လွတ်လပ်စွာအလေးခိုးခွင့်ရော ရမလားတဲ့
အခုတလော
တစ်သောင်းတန်အထပ်လိုက်ကိုင်ဖူးရင်သေပျော်ပါပြီပြောနေတယ်။
စမ်းစမ်းကြည်ရဲ့ကလေးတွေမှာဖအေမရှိဘူး
အဖေဆိုတာတစ်ခြားကမ္ဘာကလာတဲ့ဂြိုဟ်သားလားတဲ့
ယုံလွယ်သူရဲ့တေးဟာဒီလိုပဲ။    ။
အောင်မှူးဝေ
...

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း(၁၀)ချက်

by Hero Rose on Monday, July 16, 2012 at 6:41pm ·
၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။
၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့
စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။


၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျှော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။


၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။


၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။


၉) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ
ကျဆင်းစေပါတယ်။
၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။
....

ရ န် ကု န် မြို့  နှင့် အ နီး တ စ် ၀ို က်

by Hero Rose on Sunday, July 22, 2012 at 9:22am ·
သာယာလာတယ် လူနည်းစုအတွက်သီချင်းတွေ ကရွံစရာကောင်းလောက်အောင်သာယာလာပါတယ်
ပင်လယ်ဟာ ရန်ကုန်ကိုကြည့်မရလို့ မုတ်သုံတွေ တစ်ခုပြီးတစ်ခု ထိုးပေးနေတယ်ထင်တာပဲ
ဆင်းရဲသားတွေအတွက် သနားစရာကောင်းလောက်အောင်သာယာခဲ့ပါတယ်
ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက် လူတွေကရူးနေတာလို့ပြောတဲ့ ခွေးတူဝက်တူ အရူးကြီးတစ်ကောင်အတွက်လည်း
ရူးချင်လောက်အောင်သာယာခဲ့ပါတယ်
ကဗျာဆရာ ခင်ဗျားအတွက်ရော တဲ့
လရောင်ကိုမမြင်ရတာကြာပါပြီ။

အောင်မှူးဝေ

Friday, July 20, 2012

....
သေခြင်းတရားကအခုလိုစောင့်နေတယ်
...

ရဌောဝါဒကထာ




အတတ်ပညာတစ်ခုခုနဲ့ ပြုစားခြင်း ခံထားရသလို တွေဝေမိန်းမောစေတဲ့နွေ ရက်များပါပဲ။ ကျောင်းရှေ့လယ်ကွင်း ၀ါဝါတွေရယ်၊ စာအုပ်တွေရယ်၊ တရား နာတဲ့ အီးဗွီဒီစက်ကလေးရယ်၊ ဆရာ တော် ဦးဉာဏိဿရ တရားခွေတွေရယ်။ ပေါ်ကာစတုန်းက မယ်တော်ကြီးဝယ်ပေး ထားတဲ့ ငါးသိန်းတန် ဂျီအက်စ်အမ် တယ်လီဖုန်းလေးရယ်။ စာရေးသူနဲ့အတူ တူလက်တွဲပြီးတော့ နွေကိုဖြတ်ကျော် ကြတဲ့ ရဲဘော်ရဲဖက် ပစ္စည်းလေးများ၏ စာရင်းပေါ့။
ကဗျာဆရာကြီး အံ့မောင်ကတော့ စာဆိုတော်တစ်ယောက်ရဲ့ နွေကန္တာ ဖြတ်သန်းပုံကို အခုလိုရေးသားခဲ့ဖူးတယ်။
ရေနွေးတစ်အိုး
ယပ်တစ်ရိုးနဲ့
နွေဆိုးကို ကျော်
စာဆိုတော်။  ။
အံ့မောင်
စာရေးသူနံဘေးမှာ ရေနွေးဓာတ် ဗူးတစ်လုံးတော့ဖြင့် အရှိသား။ ယပ် တောင်ကတော့ ဆောင်မထားဘူး။ လိုမှ မလိုတာပဲလေ။ ကျောင်းပတ်ဝန်းကျင် လွင်ပြင်ကြီးထဲမှာ လေပူတွေရော၊ လေ အေးတွေ ရှပ်တိုက်ပြေးလွှား၊ တိုက်ခတ် ဆော့ကစားနေလေရဲ့။
သြော်…ခန္ဓာကိုယ်အပြင်ဘက် က နွေ…။
တစ်နှစ်တာကာလ..။
နှစ်ဦးကနေ ဒီကနေ့ နှစ်ဆန်းတစ် ရက်နေ့အထိ လုပ်ဆောင်ခဲ့တာတွေ ကြုံ တွေ့ခဲ့တာတွေကို ပြန်လည်သုံးသပ်ကြည့် မိတယ်။ လုပ်ဆောင်ခဲ့တာတွေ အနေနဲ့ ကတော့ ထူးခြားတာ သိပ်မရှိသလောက် ပါပဲ။ စာရေးတယ်၊ စာဖတ်တယ်။ထောင့် မကျိုးတဲ့ ထုတ်ဝေသူတွေနဲ့ စာအုပ်တွေ ထုတ်ဖို့ စီစဉ်ကြတယ်။ ထုတ်ဝေသူနဲ့  စာရေးသူတို့ကြား ဖြစ်ရိုးဖြစ်စဉ်ပြဿနာ လေးတွေဖြစ်ကြတယ်။ နှစ်တိုင်းဟောနေ ကျတရားပွဲလေး ဒလမြို့နယ်၊ ကျွဲလူး အိုင်ကျေးရွာတရားပွဲပါ။ ဓမ္မပူဇာ၊ မ,တည် အလှူရှင်တွေဖြစ်ကြတဲ့ ဦးမောင်မောင်၊ ဒေါ်ပု မိသားစုက စာရေးသူရဲ့ ဒကာရင်း တွေဖြစ်နေတာကိုး။
ကြိုဆိုရေး တာဝန်ခံကိုမျိုးလွင်တို့၊ ကိုစိုးမင်းအောင်တို့ ဆိုတာကလည်း စာ ရေးသူရဲ့ သူငယ်ချင်းအရင်းတွေလေ။ ဒီတော့ ဒီတရားပွဲကို ငြင်းလို့မရပေဘူး။ ဒလဘက် တရားပွဲသွားရတာ ပျော်စရာ ကောင်းပါတယ်။ နန်းသီတာဆိပ်ကမ်း ကနေ ငှက်ခေါ်တဲ့ သမ္ဗာန်လေးစီးပြီး တစ်ဖက်ကမ်းကို ကူးရတာကိုကကြည်နူး စရာတစ်ခုပေါ့။ မြစ်ထဲမှာ ဇင်ယော်လေး တွေ ကိုယ်ဖော့နေထိုင်ကြတာငေးမော သွားရတဲ့ အရသာ “ဒလမြို့မှ ကြိုဆိုပါ ၏” ဆိုင်းဘုတ်ကလေးကို မြင်ရတဲ့ အရ သာ ဘာနဲ့မှ မလဲချင်ဘူး။ ဒလဘက် ရောက်တဲ့အခါကျတော့ မြင်ကွင်းကထူး ဆန်းနေတာနဲ့ကြိုဆိုရေးဒကာနှစ်ယောက် ဖြစ်တဲ့ စိုးမင်းအောင်နဲ့ မျိုးလွင်တို့ကိုမေး ကြည့်မိတယ်။
““ဟေ့..မနှစ်က ငါတို့စီးတဲ့ဂျစ် ကားတွေဘယ်ရောက်ကုန်ပြီလဲ။ မတွေ့ တော့ပါလား။””
““ဟိုတစ်လောက ဈေးကောင်းလို့ ရောင်းထုတ်လိုက်ကြပြီလေ။””လို့ စိုးမင်း အောင်က ပြောပါတယ်။ မျိုးလွင်က လည်း..
““ဆိုင်ကယ်တွေကတော့ မောင်းလို့ ကိုမရပါဘူး ဘုရား။””
““ဘာဖြစ်လို့လဲ။ ဆိုင်ကယ်တွေပျက် နေလို့လား””။
““မဟုတ်ဘူးဘုရား။ ဆိုင်ကယ်ဆိုရင် ကလေးဆော့တဲ့ ဆိုင်ကယ်က အစဖမ်း နေလို့။””
““သြော်..ဖြစ်မှဖြစ်ရလေကွာ။ ဒါ ဖြင့် အခုဘာနဲ့ ကြွရမှာလဲ””။
““ဗင်ကားနှစ်စီးရှိတယ်ဘုရား။ ပျော် ဘွယ်ကြီးက ကားပိုင်တွေထောင်ထားကြ တာပဲ။ ဒလနဲ့ လိုင်းဆွဲဖို့ပေါ့ဘုရား။ ဒီနှစ် စီးပဲရှိတာဆိုတော့လည်း…။””
စိုင်းမင်းအောင်က သူ့စကားကို တစ်ပိုင်းတစ်စနဲ့ ရပ်ထားတယ်။ ဘာလဲ ကွ ဆက်ပြောပါလို့ စာရေးသူကပြော တော့မှ ဗင်ကားနှစ်စီးအနက် တစ်စီးက ခရီးသည်တွေကို  မတန်တဆဈေးတင် နေကြောင်းပြောပါတယ်။
““သင်္ကြန်အတွင်းမို့ နေမှပါကွာ။ ရန် ကုန်ထဲက လိုင်းကားတွေတောင်မှ ဟိုနား ဒီနားနှစ်ရာ။ ခရီးစဉ် စ-ဆုံး ငါးရာတွေ ဖြစ်နေကြသေးတာပဲ။ တက္ကစီကလည်း ဈေးကြီးတာပါပဲ။””
ဒလကနေ ပျော်ဘွယ်ကြီးအထိ ကားလမ်းကလည်း သိပ်မကောင်းလှပါ ဘူး။ ကားဆရာကတော့ -
““လမ်းကောင်းရင် ငါးမိနစ်လောက် မောင်းရုံနဲ့ ရောက်တာပေါ့ဘုရား။ အခု တော့ နာရီဝက်လောက် မောင်းနေရ တယ်။”” လို့ပြောတယ်။ ရယ်ရယ်မောမော ပြောတာပါပဲ။ ကိုယ့်လူမျိုးက ဒုက္ခကို ရယ်မောဖော့တွေးလုပ်တတ်တဲ့နေရာမှာ တော့ ပထမတန်းမဟုတ်လား။ စာရေး သူတော့ ခါးတွေတော်တော်အောင့်သွား တယ်။ ကျေးလက်ကနေ ပြည်သူလူထု အတွက် ဒလပျော်ဘွယ်ကြီးလမ်းကလေး ကောင်းသွားရင်တော့ နတ်လူသာဓုခေါ် ကြမှာသေချာတယ်။ လမ်းတလျောက် ဘေးဝဲယာ ပျဉ်းမပင်တွေကတော့ လမ်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ် စေ၊ အပွင့်တွေတဝေေ၀ပါပဲ။
ပျော်ဘွယ်ကြီးရွာ။
ဝိပဿနာပုဂ်္ဂိုလ် အကျော်အမော် အနာဂါမ်ဆရာသက်ကြီးရဲ့ ဇာတိရွာ။ လျှပ်စစ်မီးတွေရတယ်။ အနာဂါမ်ဆရာ သက်ကြီးတန်ဆောင်းတို့ကြေးသွန်းဘုရား ကြီးမှာ ၀ိပဿနာတရားပွားများအား ထုတ်ကြသူတွေဆိုတော့လည်း မနည်းပါ ဘူး။ ၀မ်းသာစရာပါပဲ။ ပျော်ဘွယ်ကြီး  ရွာက နှစ်စဉ်နေ့ဆွမ်းဒကာဖြစ်တဲ့ကိုလေး ၀င်း မမြင့်မြင့်တို့ အိမ်မှာနားနေပါတယ်။ နေ့ဆွမ်းဒကာတွေရဲ့သဒ်္ဓါတရားကလည်း အင်မတန် ပြောင်မြောက်ပါပေတယ်။ နှစ်စဉ်ကျွဲလူးအိုင်ကို ကြွရောက်သမျှ ဓမ္မ ကထိကဆရာတော်အားလုံးကို သူတို့ပဲ ဆွမ်းကပ်ကြတာပဲ။ ဆွမ်းအနုမောဒနာ တရားဟောပေးလိုက်ပါတယ်။ ညနေကျ တော့ ကျွဲလူးအိုင်က ၀တ်အသင်းတွေ ဟာ ဂွန်ဒေါင်း(ခေါ်) ထောက်လာဂျီတွေ နဲ့ ရောက်လာကြတယ်။ ကျွဲလူးအိုင်ရွာ ကိုရောက်တော့ ညနေ ၆နာရီ။ မြတ်စွာ ဘုရားအလောင်းတော် ကျွဲမင်းဖြစ်စဉ်အ ခါက အိုင်လူးတဲ့နေရာလို့ ဒေသခံဖြစ်တဲ့ တရားပွဲဒကာ ဦးမောင်မောင်က ပြောပါ တယ်။ ဒလဘက်မှာ ရေချိုက မထွက် တော့ ကန်ရေ၊ မိုးရေတွေပဲ သုံးရတယ် ဆိုတာလည်း ပြောပါသေးတယ်။ရန်ကုန် ဘက်ကနေ ပိုက်လုံးကြီးတွေနဲ့ သယ်ယူ ရင်မရနိုင်ဘူးလား လို့ စာရေးသူကပြော တော့ ဘယ်လွယ်ပါ့မလဲလို့ဆိုတယ်။ မြေ အောက်ပေတစ်ထောင်လောက်နက်အောင် တူးရင်ကော ရေချိုမရနိုင်ဘူးလား။စကား ကောင်းနေတုန်း၊ လှိုင်သာယာမှာ စာချ နေတဲ့ သူငယ်ချင်းတစ်ပါးဆီက ဖုန်းဝင် လာပါတယ်။ လှိုင်သာယာမှာအမျိုးသမီး တစ်အုပ် အရက်မူးပြီးတော့ အမျိုးသား လေးယောက်ကို လက်သီးတွေနဲ့ထိုးခြေ ထောက်တွေနဲ့ ကန်လုပ်ကြတာ အမျိုး သားတွေ မှောက်သွားသတဲ့။ ဗုဒ္ဓေါ..။ ဘယ့်နှယ် သင်္ကြန်ပြီးတုန်းဟ။ နောင်မျိုး ဆက်တွေ အတွက်မတွေးရဲစရာပါက လား။ စိတ်ထဲပူလောင်လာပါတယ်။ သြော်..ခန္ဓာကိုယ်အတွင်းပိုင်းက နွေ..။
အကုသလိုလ်အလုပ်တို့သည်
ကောင်းလည်းမကောင်းကုန်၊
မိမိအတွက်အကျိုးစီးပွားလည်းမရှိကုန်၊
ယင်း အကုသိုလ်အလုပ်မျိုးတို့ကို
လွယ်ကူစွာ ပြုနေကြကုန်၏။
ကုသိုလ်အလုပ်မျိုးသည်ကား
တကယ်တမ်း အကျိုးလည်းရှိ၏၊
ယင်း ကုသိုလ်အလုပ်များကိုမူ
ပြုလုပ်ရန် အလွန်အမင်းခဲယဉ်းလှသည်။
(ဓမ္မပဒ၊ အတ္တ၀ဂ္ဂ၊ သံဃဘေဒပရိ သက္ကန ၀တ္ထုဂါထာ၊)
ဒီဒေသနာကို အခါတစ်ထောင်စီ လောက်ဟောပြောလိုက်နာစေပြီးမှနောင် နှစ် သင်္ကြန်ပျော်ကြရင် ကောင်းမယ်လို့ တိုင်းပြည်ကို ပြောလိုက်ချင်ပါတယ်။
ဆင်းရဲကင်းကွာ ချမ်းသာကြပါစေ။
ကျမ်းကိုး။ ။ ဓမ္မပဒပါဠိတော်။

ရွှေစုန်းချောင်းဆရာတော်
အရှင်ဝိစိတ္တာလင်္ကာရ