Tuesday, March 6, 2012

နှင်းထုထဲကသက်တံ့(သို့မဟုတ်)ကဗျာဆရာ


ဖျားချင်နာချင်တဲ့ အပြောင်းအလဲနဲ့
ငါတို့ အညီအမျှရခဲ့ကြတဲ့ဖိအားတွေ
ဆွဲထုတ်လို့မရနိုင်တဲ့ဝှက်ဖဲထဲက
တခြမ်းပဲ့နေတဲ့ ဟတ်(ထ်)ပွင့်လေးလို
အပြုံးတွေကိုလည်းဝှက်ထားရ
ငါတို့သာယာမှုကိုခံနိုင်ရည်ရှိအောင်
ဆိုလာစစ္စတန်နဲ့အားသွင်းကြတာပါ
ကဗျာဆရာဆိုတာ
လမသာလည်းကဗျာရေးလို့ရတဲ့ကောင်။
ကဗျာဆရာဆိုတာ
အပူနဲ့ပဲ
ပွင့်လို့မွှေးလို့ရတဲ့ပန်းလေ
သစ္စာဖောက်တွေမပန်ရဲကြဘူး။
ငါတို့မိဘတွေက
ငါတို့လိုတာတွေပေးဆပ်ခဲ့ကြသလိုမျိုး
ငါတို့သားသမီးတွေလိုအပ်တာ
ငါတို့ပေးအပ်နိုင်ပါ့မလား
ဒီဒဿနဟာ ပြိုင်ဘက်မဲ့တစ္ဆေ။
နှင်းထုထဲကသက်တံ့လို
မှုန်းဝါးကွေးညွှတ်ရောင်စဉ်တွေနဲ့
ကဗျာဆရာလည်း
ဘဝတစ်ခုလုံးနစ်မြုပ်မသွားရအောင်
သူ့လှေထဲက ဆန္ဒတချို့ကိုခပ်ထုတ်ပစ်နေတယ်
တွေးကြည့်ရတာလေးလိုက်တာ။   ။

အောင်မှူးဝေ
5.3.2012

No comments:

Post a Comment