Monday, August 6, 2012

ချစ်သူ့တောနဲ့လွမ်းရသူ့တောင်



တောနဲ့တောင်နဲ့ မောခဲ့မှောင်ခဲ့ နောင်တရခဲ့တာတွေ
တိတ်ခွေရဲ့အစကိုပြန်သွားကြည့်
ရသလို
လမ်းသင့်တိုင်းလျှောမွေးလေးကိုဗာရာဏသီချဲ့ရတယ်
စိတ်ညစ်တဲ့အခါ ညည်းကြမယ်
သံသရာဆိုတာ စီဒီခွေလိုလည်နေတာ အချစ်ရဲ့။
ဆံပင်အသစ်ကောက်တဲ့မိန်းမပေါ့ဗျ
စိတ်အသစ်လေးကိုလည်းကောက်ပစ်လိုက်ပြန်ပြီ
သူကဝတယ် ထိုင်ချလိုက်တိုင်း
စကတ်ချုပ်ရိုးတွေပြေပြေကျတတ်တယ်
အဲဒီမှာ
ကျွန်တော်မျက်စိလည်နေတဲ့တောအုပ်
(မည်းမှောင်လျက်..)
သူ့ကိုချော့ရတာဝဋ်ကြွေးတစ်ခုဆိုလည်း
အတိုးရောအရင်းပါပြေးပြေးဆပ်ချင်နေမိတယ်
သူ့ဆီကတောအုပ်မည်းမည်းလေးကိုရဖို့
ကျွန်တော့်ကိုယ်ကျွန်တော်ကျွန်ဇာတ်သွင်းမိတာ
ကျွန်တော်မိုက်လို့...။
သူကလည်း သမုဒယကို ဖြည်မချခဲ့ဘူးဆိုတဲ့အကြောင်း
နှစ်ယောက်တွဲဆောင်းနေကျထီးအပြာလေးကသိတယ်
ချစ်သူ့တောနဲ့လွမ်းရသူ့တောင်လည်းသိတယ်
သူ ပစ်ထားခဲ့တဲ့အတိုင်းပဲ
ကျွန်တော်ရှင်သန်နေဆဲပါ
အသည်းကွဲကဗျာတွေမရေးပါဘူး
အရက်မသောက်ဘူး
မငိုဘူးမရယ်ဘူး
သူကတော့ဟိုဘက်စာမျက်နှာမှာ
သူ့ထက်ဝတဲ့လူကြီးတစ်ယောက်နဲ့မင်္ဂလာဆောင်လို့
ပျော်နေမှာပဲ
ကျွန်တော့်ဘက်ကကြည့်ရင်လား
ဘာပြောကောင်းမလဲ
ယခင်စစ်တလင်း ယခုမြေပဲတောင့်တွေလှန်းထားတယ် အေးဆေးပဲ။
ဟုတ်တယ်လေ
သံသရာဆိုတာစီဒီခွေလိုလည်နေတာအချစ်ရဲ့။    ။

အောင်မှူးဝေ
၅.၈.၂၀၁၂

No comments:

Post a Comment