Friday, November 9, 2012

စစ်ပွဲထဲပစ်ချလိုက်တဲ့ကဗျာ


ကမ္ဘာကြီးရဲ့အရွေ့က
ခရမ်းလွန်နွေဦး၊အက်စစ်မိုး၊နျူကလီးယားဆောင်း
ဘာတစ်ခုမှ မကောင်းဘူး
အလွှာလေးတစ်ခုငြင်သာစွာ ကွာကျသွားပုံ
ဆုံးရှုံးမှုတစ်ခု တိုးညှင်းစွာထုတ်ဖော်ပြောဆိုပုံ
ဆင်းရဲဒုက္ခတိုင်း နှစ်ကိုယ်ကြား ဘာသာဗေဒနဲ့
အရွေ့တစ်ခုဟာ ငါတို့ခေါင်းတွေပေါ်မှာ
စိတ်တိုင်းကျ ထစ်ချုန်းနေသလောက်
မရွေ့တဲ့လူတွေကျတော့ အားကုန်တိတ်ဆိတ်လို့
လိပ်ပြာမသန့်တဲ့လူတွေနဲ့
တရားမဝင်ပေါင်းသင်းပြီး
အယောင်ဆောင်လူလားမြောက်လာတဲ့ကမ္ဘာ
ပြားချင်ပြားလုံးချင်လုံး ရွံစရာ။
ကမ္ဘာကြီးထက် ကမ္ဘာစစ်က ပိုပြီးရွံဖို့ကောင်းပါတယ်...တဲ့
အဖူးရော အငုံရောအကုန်ကြွေကျခဲ့ရတဲ့
ဟီရိုရှီးမားမြို့ကလေးကပြောပါတယ်။
ကဲ..ကျွန်တော့်မိတ်ဆွေများ
ကာတွန်းတစ်ပုံလောက်ဆွဲရရင်ဘယ်လိုလဲ
စစ်ကိုသရော်တဲ့ကာတွန်းပဲဖြစ်ပါစေပေါ့
ပလိုင်းထဲကပဲသီးတောင့်တွေ ပြောင်းဖူးတွေကိုလွှင့်ပစ်ပြီး
အမြောက်ဆံတွေ လက်ပစ်ဗုံးတွေ ထည့်သယ်နေကြရပုံပေါ့
ကလေးနို့တိုက်ရာကနေ
ပေါ်တာထ လိုက်သွားရတဲ့
မိခင်တစ်ယောက်ရဲ့ အပြေးအလွှားကြေကွဲမှုဟာလည်း
အစက်သေးသေးလေး အဖြစ်ပါဝင်နိုင်ပါတယ်
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
ဘယ်သူတွေစစ်ကိုဆာလောင်ခဲ့ကြတာလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
စစ်ကိုဆာလောင်နေတာဘယ်သူတွေလဲ
လူကြီးလူကောင်း ယူနီဖောင်းနဲ့
တိရစ္ဆာန်စိတ်ပေါက်နေသူတွေ
အသေခံဗျောက်အိုးခွဲကြတာပဲ
ဘဝတွေအများကြီးပေါက်ကွဲသွားရတာပျော်စရာလား။
ပြည်သူ့သစ္စာကိုစောင့်သိရိုသေပါမယ်ဆိုပြီး
ပြည်သူကိုသတ်နေတဲ့ လူသတ်ကောင်တွေ
ပြည်သူကိုချစ်ချင်ယောင်ဆောင်နေတဲ့
သရဲသဘက်တွေ
မင်းတို့မှာ မိဘမရှိကြဘူးလား
မင်းတို့မှာသားသမး ညီအစ်ကိုမောင်နှမ
မိသားစုဘဝမရှိကြဘူးလား
လူနဲ့ကျည်ဆံ
ပြည်သူနဲ့စစ်
အမိန့်နဲ့မေတ္တာတရား
ဘယ်ဟာကတန်ဖိုးပိုရှိတယ်ဆိုတာ
မသိနိုင်အောင် အမှောင်ချခံထားရရှာသူတွေ
သူတို့တွေ
ခေတ်အဆက်ဆက် စစ်ကိုဆာလောင်ခဲ့ကြတယ်။
လူစိတ်မရှိခဲ့ကြပုံများ
ကာကွယ်တာကောင်းတယ်
တိုက်ခိုက်တာမကောင်းဘူး
ကိုယ့်အသက်ကိုယ်အလကားပေးလိုက်ရတာ တန်ရဲ့လား။။
အမိန့်ပေးသူဟာ ပြည်သူလောက်မြတ်ပါသလား
စစ်တိုက်ဖို့ ဘယ်သူက ခွန်အားမျှခဲ့တာပါလဲ
စစ်ကိုမုန်းပါ...
မျှစ်ကိုမုန်းပါ...တဲ့
သေနတ်မနိုင်သေးတဲ့
တိုင်းရင်းသားစစ်သားလေးကကြွေးကြော်တယ်။
ပြည်သူကိုအသက်ပေးထားတယ်ဆိုပြီး
ပြည်သူ့အသက်ကိုမင်းတို့ယူသုံးနေတာ များပါပြီ
ငါတို့မှာသာလက်နက်ရှိရင်
မင်းတို့တွေ ပြာဖြစ်သွားတာကြာပေါ့။
ငါက
စစ်သားတွေ
ကိုယ့်အိမ်မှာကိုယ် အေးအေးလူလူထိုင်နေတာကို
မြင်ချင်လွန်းသူပါ
အချိန်မှန်ဆိုက်တဲ့ရထားတစ်စီးလို
သူ့မေတ္တာဘူတာရုံကလေးနဲ့သူ
အိုးမကွာအိမ်မကွာရှိစေချင်သူပါ
စစ်ပွဲကြောင့်
သားသေ လင်ဆုံး
လူလုံးမလှမှုတွေကို ဆိတ်သုဉ်းစေချင်ခဲ့သူပါ
ငါတို့ကမ္ဘာ အတွက်
စစ်ဆိုတာ တစ္ဆေပါပဲကွာ
သားလေးတိုက်ပွဲကျသွားတဲ့သတင်းကြောင့်
စားလက်စ ထမင်းဝိုင်းဘယ်နှဝိုင်း
သာယာစိုပြေခဲ့ပါသလဲ။
စစ်ပွဲတွေကြောင့် မငြိမ်းချမ်းတဲ့ကမ္ဘာဟာ
အသက်ဇီဝကိုဖြစ်စေတဲ့
ဒီအင်န်အေ မော်လီကျူးများကို
တစ်ခုပြီးတစ်ခု
လောင်ကျွမ်းပျက်စီးစေခဲ့တယ်
ဒီကဗျာကို
စစ်ပွဲများရဲ့ဈာပနမှတ်တမ်းအဖြစ်
လေယာဉ်ပေါ်ကနေပစ်ချခဲ့ပါတယ်။
အောင်မှူးဝေ

No comments:

Post a Comment