Wednesday, October 24, 2012

အညာလက်ဖက်ရည်ဆိုင်


by Min Di Min on Saturday, October 20, 2012 at 7:37pm ·
ဘာမှာမလဲအစ်ကိုတဲ့
ချာတိတ်ငယ်ငယ်က အ၀တ်စုတ်နဲ့ စားပွဲကို သုတ်ရင်းမေးတယ်
ပုံမှန်နှစ်ခွက် ၊ အကြမ်းခွက်ချပေးဦး ...
မန္တလေးရဲ့ ဆောင်းနေက ပျပျ ပူနေတယ်
ထနောင်းရွက်ကြွေတစ်ချို့နဲ့ ရောချပြီးသောက်ရတာကိုက
အညာဆန်တဲ့ လက်ဖက်ရည်ပဲ ....
ယင်ကောင်တစ်ချို့က ၀ဲတစ်လှည့် နားတစ်ခါ
လက်ကို အခါခါယမ်းပြီး အကြမ်းတစ်ကျိုက် ကျိုက်ချတယ်

အားကစားလား၊ သတင်းလား၊ မော်နီတာ၊ မက်ဆင်ဂျာ၊ ဗွိုက် ထွက်တယ်
ဘာဖတ်မလဲ ...
တစ်စောင်ဝယ်လိုက်တာနဲ့ သုံးလေးစောင်အလကားဖတ်ရတဲ့
လက်ပွေ့သမားရဲ့ဝန်ဆောင်မှု
သူရော ကိုယ်ပါအဆင်ပြေ ..
သတင်း ဆာလောင်မှုကို ကျေနပ်စေနိုင်တဲ့
အညာရဲ့ လက်ဖက်ရည်ဆိုင်ပေါ့

Wi-Fi Free ၊ ဆိုင်ကယ်သူခိုး သတိပြုပါ၊ ဇတ်သော့ခတ်ပါ၊ တစ်စေ့တစောင်းအကဲခပ်ပါ
နံနက်တိုင်း စမူဆာသုပ်ရနိုင်ပြီ၊ ယနေ့ည မန်ယူ-စတုတ် ...
အဲသလို ၀န်ဆောင်မှုတွေနဲ့ အညာလက်ဖက်ရည်ဆိုင်
ထန်းလက်မိုးဝိုင်းတစ်ချို့၊ ဖိုက်ဘာခုံတစ်ချို့နဲ့ LCD Screen
မြို့ပြနဲ့ ကျေးလက်အရောအနှောက စိတ်ပသာဒမှာ စိမ်းစိုတယ်

လူကြီးမင်းများဟာ  အိပ်ကပ်ထဲက သတ္တုပြားကိုထုတ်
မှန်ပေါ်မှာ ဟိုကုပ်သည်ချစ်နဲ့
ခေတ်အဆောင်အယောင်မှာ သာယာတယ်
လက်ဝါးသာသာ မှန်ပြင်လေးကို အခြေပြု
အိုဗားမား မဲဆွယ်ပွဲကနေ အောင်ပင်လယ်ရေကြီးသည်အထိ
လက်ဖက်ရည်ဝိုင်းမှာ လေကြီးမိကြတယ်
နိုင်ငံက ဘယ်လိုဆင်းရဲတယ်ဆိုဆို
အားလုံးမှာ အပူအပင်မရှိ လန်းလန်းဆန်းဆန်း ပေါ့ပေါ့ပါးပါး
တဟားဟားနဲ့ ရယ်လားရယ်ရဲ့ ၊ တသောသောနဲ့ပြောလားပြောရဲ့
အညာလက်ဖက်ရည်ဆိုင်မှာ နာရီပေါင်းများစွာ အားကြတယ်

ကျားတစ်ချို့ ၊ မတစ်ချို့၊ ကျားမရောရာတစ်ချို့
သူ့ဝိုင်းကိုယ့်ဝိုင်း စီးမိရင် စီးမိသလို လေသံပိုပိုကျယ်စမြဲ
ခေတ်ကိုဝဲကြည့်နေတဲ့ဟန်နဲ့ Zero Quarter ဘောင်းဘီကိုဝတ်လို့
လုံမငယ်တစ်ချို့ လက်ဖက်ရည်ဆိုင်ထဲမှာ အ၀ံ့ရဲကြတယ်
ဗိုကေ ဆံတောက်လို နာမည်တပ်မရတဲ့ဟန်တွေနဲ့
ရိုးရာယဉ်ကျေးမှုကို  ဘောင်းဘီချုပ်ဝတ်ထားတဲ့လူငယ်တစ်ချို့
လက်ဖက်ရည်ဆိုင်ထဲမှာ
အဝေးသင်တက္ကသိုလ်တက်ကြတယ် ... ။

ဝေသန္တရာဇာတ်ကို ဘယ်လိုပဲဖတ်ဖတ်
ပါရမီတော်ခန်းပျို့မှာ ဘယ်လိုပဲဆိုဆို
လက်ဖက်ရည်ဆိုင်မှာတော့ အလှူဒါနဟာ
စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုလိုပဲ
သားလေးရယ်၊ အစ်ကိုကြီးရယ် ငါ့မြေးရယ် ဆိုပြီး
မုန့်ဖိုး၊ ဆေးဖိုး၊ ခရီးစရိတ်ဖိုး .... အမျိုးမျိုးတောင်းမယ်
သာဓု သာဓု ကျန်းမာပါစေ
ကန်တော့ပါသေးရဲ့ ...
မရှိဘူး သွား ....
ကြားကြားရသမျှ အသံတွေမှာ
ငါတို့ရဲ့ စိတ်အနက်တွေလည်းထင်ဟပ်လို့
ခေတ်ကြေးမုံပြင်ဟာ လက်ဖက်ရည်ဆိုင်မှာ ကြည်လင်ပြတ်သားတယ် ...

အညာလက်ဖက်ရည်ဆိုင်မှာ
ပက်စီကိုလာတင်ရတယ် ၊ ပေါက်စီရောင်းရတယ်၊
ရှမ်း၊ မာလာ၊ လက်ဖက်ထမင်း၊ ပဲထမင်းကနေ
မုန့်ဟင်းခါး အကြော်စုံအထိ
စားသုံးသူတွေရဲ့ အိပ်ကပ်ကို ချည့်နဲ့အောင် နှဲ့ယူတယ်

လက်ဖက်ရည်ဆိုင်မှာ
Ve Ve စီးကရက်ကို ဟန်ပါပါခဲပြီး
စားပွဲထိုးကောင်းလေးရဲ့
မီးခြစ် ၀န်ဆောင်မှုကိုအရသာခံရင်း
ပုဂ္ဂိုလ်တစ်ချို့ စတိုင်ထတယ် ...

ခုံတိုင်းခုံတိုင်းမှာ
တစ်ဝက်တစ်ပျက် ဖိတ်စဉ်ကျနေတဲ့ ကွမ်းသွေးတောင်းတွေနဲ့
လက်ဖက်ရည်ဆိုင်က
ခေတ်ပန်းချီကို စုတ်ချက်ကြမ်းကြမ်းရိုက်တယ် ...

လက်ဖက်ရည်ဆိုင်မှာ
ထနှောင်းဓာတ်တွေ စီးကူးတယ်
လက်ဖက်နံ့တွေစီးကူးတယ်
မုန့်ဟင်းခါးရသာတွေ စီးကူးတယ်
သူ့စိတ် ကိုယ့်စိတ် စီးကူးကြတယ် ...

အညာလက်ဖက်ရည်ဆိုင်ဟာ
မန္တလေးပဲ၊ မြို့ပြပဲ၊ ခေတ်ပဲ
မနက်တစ်ကြိမ်မက ဓာတ်ကျမိတိုင်း ငါတို့ထိုင်တယ်
လက်ဖက်ရည်ဆိုင်ဟာ သူငယ်ချင်းပဲ
လက်ဖက်ရည်ဆိုင်ဟာ မိသားစုပဲ
လက်ဖက်ရည်ဆိုင်ဟာ အိုအေစစ်ပဲ
လက်ဖက်ရည်ဆိုင်ဟာ ဘ၀တစ်ပိုင်းပဲ
ကဲ ..
သွားကြမလား
အညာ လက်ဖက်ရည်ဆိုင်  .... ။

အောင်ဆန်းလင်း

No comments:

Post a Comment