Thursday, February 21, 2013

မာယာအတွက်မာယာ


 

လူတွေရဲ့မာယာ လမ်းတွေရဲ့မာယာ
စိမ်းလန်းသော တောအုပ်များရဲ့မာယာ
သစ်တွေကလူတွေကိုပြန်ခုတ်လှဲကြရင်မခက်ဘူးလား။
ကတ္တရာလမ်းမပေါ်ကဘယ်တော့မှအရည်ပျော်မကျနိုင်တဲ့
အမြုတေခဲပျစ်၊စီဒီဒစ်လို ထစ်ထစ်နေတဲ့
ဘ၀အကျိုးအပျက်တွေရဲ့မာယာ
နွားတစ်ကောင်ကြံရာမရ
နှင်းဆီရွက်တွေကိုစားသလို
ဇာတ်တူသားကိုလွယ်လွယ်နဲ့စားကုန်ကြရင်မခက်လား။
ကြောင်ဖြူတာမည်းတာအဓိကမဟုတ်
ကြွက်ခုတ်ဖို့သာပဓာနဆိုတာလို
သမ္မတဖြူတာမည်းတာ
ဝ တာပိန်တာအဓိကမဟုတ်..ဆိုတဲ့စကားရဲ့မာယာ
သူ့စကားကိုယ်နင်း ကိုယ့်စကားသူနင်းနဲ့
လူတွေ
စကားပြောရင်းအပျင်းပြေကုန်ကြရင်မခက်ဘူးလား မာယာ။
တစ္ဆေတွေလမ်းထလျှောက်သလို
ဒီမိုကရေစီလရောင်အောက် ငါတို့လမ်းထလျှောက်မိတာ
ညရဲ့မာယာပါ...မာယာ။ ။

အောင်မှူးဝေ

ကိုဦးဆွေရဲ့မာယာမဂ္ဂဇင်းအတွက်ရေးပေးလိုက်တဲ့ကဗျာပါ။

No comments:

Post a Comment