Wednesday, January 18, 2012

ကတ္တီပါကန့်လန့်ကာအဖွင့်...အောင်ဆန်းလင်း

ူ
ကတ္တီပါကန့်လန့်ကာအဖွင့်

'သက်ကျယူပန် ကျံကျံသမျှ
သောင်သရာရာ တက်ကောင်စွာသား'

အမှန်တရားရဲ့အရသာဟာ ခါးသီးပေမယ့်
ဒါကို ငါတို့နှစ်နှစ်ခြိုက်ခြိုက်ကြီး
ကို လက်ခံရလိမ့်မယ် ... ။

ဝင်းခြံအုတ်တံတိုင်းအခန့်အထည်ကာပြီး
စတီးလက်ရန်းတံခါးပေါက်ပိတ်တွေနဲ့ ဝင့်ထည်နေတဲ့ တို့ကျောင်း
'မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည် '
'ဆေးလိပ်ကင်းစင် ကျောင်းတော်တစ်ခွင်'
'အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက'
'ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ... '
အဲသလိုဆောင်ပုဒ်တွေနဲ့ အလွန်ပဲတင့်တယ်တဲ့ တို့ကျောင်း
ပညာရေးကို ဘိန်းစွဲသလိုစွဲနေတဲ့ဟောဒီကမ္ဘာ
ပညာရေးဟာ တန်ခိုးရှင်ကြီးတစ်ပါး
ပညာရေးဟာ အနာဂတ်အလင်းရောင်
လူစွာလုပ်ချင်သလား ပညာရေး
ဆရာကြီးလုပ်ချင်သလား ပညာရေး
အတင့်အတယ် ထည်ချင်ပါသလား ပညာရေး
အဲသလိုမျှော်လင့်ချက်တွေနဲ့
ဟောဒီကျောင်းထဲမှာ စံပယ်တွေခြေချင်းလိမ်ကြ
တစ်ချို့က မုန့်လင်မယားဆိုင်ထဲက ထွက်လာတာ
တစ်ချို့က အရက်ပုန်းဆိုင်ထဲက ထွက်လာတာ
တစ်ချို့က အလုပ်သမားတန်းလျားတွေဆီကာ ထွက်လာတာ
အဲ တစ်ချို့လည်း စိန်ရွှေရံနန်းတော်ထက်ဆီကပေါ့
ဟောဒီနိုင်ငံမှာ စားကြတဲ့ ဆန်ချင်းကွာချင်ကွာမယ်
စီးကြတဲ့ ဖိနပ်ချင်း ကွာချင်ကွာမယ်
မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ကျောင်းဆီအရောက်ပို့ကြ
တစ်ချို့က ပုခုံးနဲ့ထမ်းပြီး
တစ်ချို့က ဘဝနဲ့ရင်းပြီး
တစ်ချို့က သံသရာနဲ့ရင်းပြီး
အဲသလို တွန်းပို့လိုက်ကြတဲ့
ကျောင်းတိုင်းရဲ့ဥယျာဉ်ထဲက စံပယ်တွေဟာ
မိဘတိုင်းရဲ့ ဇီဝဇိုးအန်ဖက်တွေပေါ့
တိုင်းပြည်ရဲ့ မုတ်ကောင်ဝမ်းထဲက
ပုလဲအမြုတေ ရတနာတွေလည်းဟုတ်ရဲ့
အနာဂတ်အတွက် သူတို့တွေ တောက်ပဖို့လိုတယ်ဆိုတာ
အရူးတစ်ယောက်ကတောင် ထောက်ခံတဲ့အဆိုဖြစ်တယ်
ဒီမှာ မေးခွင့်ရှိရင် မေးလိုက်ချင်ရဲ့
သင့်ကလေးဟာ ဒီကျောင်းထဲမှာရှိပါရဲ့လား
သင့်ကလေးကို အစိမ်းအဖြူဝတ်ခိုင်းပါရဲ့လား
ကျုပ်တို့ကလေးတွေအားလုံးကတော့ အစိမ်းအဖြူပဲဝတ်ကြတယ်
ကာကီရောင်တီရှပ်၊ နက်ကတိုင်လည်စည်းနဲ့
ဘေးကျားအစင်း စကတ်တို
ဟို ဗိုလ်ကျောင်းတက်ပြီး ဗိုလ်စာသင်သတဲ့လား
ကြေးကြီးပေးပြီး ဘွတ်ရွှတ်ဘရွတ်ပြောတတ်သတဲ့လား
ပြည်တွင်းဖြစ်ပညာရေးဟာ
ခင်ဗျားတို့ကလေးတွေနဲ့ မပတ်သက်ဘူးလား
ဒါဆို ဒီကဗျာ ခင်ဗျားတို့နဲ့မဆိုင်
ဘေးထွက်ပြီး ထိုင်နေနိုင်ပါရဲ့ ....
'က' 'ခ'သမားတွေအတွက် ကျွန်တော်တို့ ဆက်ဆွေးနွေးမယ်။

အမှန်တရားရဲ့အရသာဟာ ခါးသီးပေမယ့်
ဒါကို ငါတို့နှစ်နှစ်ခြိုက်ခြိုက်ကြီးကို လက်ခံရလိမ့်မယ် ... ။

'သက်ကျယူပန် ကျံကျံသမျှ
သောင်သရာရာ တက်ကောင်စွာသား'

မင်းသမီးဆိုတဲ့ မထင်မရှားရွာကျောင်းကလေးက
မစို့မပို့ခံစားခွင့်လေးနဲ့ မလောက်မငနေရရှာတဲ့ ဆရာမလေး
ခု သူမွေးထုတ်လိုက်တာက
အဆင့်ဆင့်ဆက်နေတဲ့ တောင်အမြင့်တစ်နေရာမှာ
မောကြီးပန်းကြီး တွယ်တက်နေရှာတဲ့ စံပယ်ဖြူဖွေးလေးပေါ့
သူနားလည်တာက အာစရိယဂုဏော... ဘုရားနဲ့တစ်ဂိုဏ်းတည်းတဲ့
ဆရာတွေကို လေးစားတာထက် အချစ်ပိုရှာတဲ့ကလေး
နိဝါတောစဆိုတာ ဘာမှန်းမသိပေမယ့်
လူကြီးသူမရှေ့က ဖြတ်လျှောက်ရတော့မယ်ဆို
လေးကိုင်းလို ကိုယ်ကိုညွှတ်ကွေးဖို့
ခန္ဓာဗေဒဖွဲ့စည်းပုံထဲမှာ အလိုလိုအသားကျနေရှာတဲ့ကလေး
သူရေးပြီးဖြေလာတာက
'သက်ကျယူပန် ကျံကျံသမျှ
သောင်သရာရာ တက်ကောင်စွာသား' တဲ့ ။
ဖြစ်သလိုလုပ်တတ်တဲ့ကလေးလို့  အပြစ်တင်မစောပါနဲ့
ပြောပြရဦးမယ် မိစံပယ်ဆိုတာ
အားအားရှိ စာကြည့်နေတတ်တဲ့ကလေး
ပညာရေးကို သိဒ္ဓိပေါက်ဓာတ်လုံးလို မျှော်လင့်ခြင်းကြီးတဲ့မိဘ
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုပြီး
ဆယ်တန်းအောင်စာရင်းမှာ သုံးကြိမ်မြောက်ကံစမ်းလာသူလေး ...။

မိစံပယ် ...
ညည်း မျက်ရည်တွေကို သုတ်လိုက်
ဒါရှက်စရာမဟုတ်ဘူး မိစံပယ်
ရှက်ရမှာက မင်းမဟုတ်ဘူး ...
မင့်မိဘတွေလည်းမဟုတ်ဘူး ...
ရှက်ရမှာက ငါတို့ကွဲ့ ... ရှက်ရမှာက တို့အားလုံးကွဲ့ ...
မင့်ဘေးက ဘဝတူတွေကရော
မင့်ထက်မြင့်လှချည်ရဲ့လို့ အားငယ်နေသလား မိစံပယ်
အတူတူတွေပါပဲကွယ် ... မငိုနဲ့မိစံပယ် တိတ် .. မငိုနဲ့တိတ် ...
ဒါ မင်းရှက်ရမယ့် အမှားမဟုတ်ဘူးကွဲ့ ....
ထွက်ပြေးဖို့ စိတ်မကူးလိုက်ပါနဲ့ ကလေးရယ်။

အမှန်တရားရဲ့အရသာဟာ ခါးသီးပေမယ့်
ဒါကို ငါတို့နှစ်နှစ်ခြိုက်ခြိုက်ကြီးကို လက်ခံရလိမ့်မယ် ... ။

ခေတ်မီမီကမ္ဘာကြည့်ကြည့်ပြီး
ကြီးကြီးကျယ်ကျယ်ပြောရရင်တော့
ကနေဒါမှာ လူတိုင်းအခမဲ့ပညာရေးတဲ့
မူလတန်းပြဆရာက ဘွဲ့အကြီးဆုံးနဲ့ ခံစားခွင့်အမြင့်ဆုံး
လူတွေအမက်မောဆုံးအလုပ်က မူလတန်းပြဆရာတဲ့
'ကျောင်းဆရာဖြစ်ချင်သူ လက်ညှိုးထောင်ပါ'ဆိုတော့
တစ်တန်းလုံးနီးပါး ထပြီးထောင်ကြ
ဆရာဆိုတာ အဲသလို ကျောင်းသားတိုင်းရဲ့ဟီးရိုး
ဆရာဘဝဆိုတာ အဲသလို လူတိုင်းတတဲ့ပန်းတိုင်
ဒီတော့လည်း မထူးဆန်းတဲ့စကား ကျွန်တော်တို့ကြားရတယ်
သူတို့ဆီက ဆရာတွေ သိပ်တော်ကြပါသတဲ့
သူတို့ဆီမှာ သိပ်တော်သူတွေသာ ဆရာဖြစ်ကြပါသတဲ့
ဒီဇာတ်လမ်း ဒီအဆင်ပျိုးလာမှတော့
ဘယ်လိုအဆုံးသတ်မယ်ဆိုတာ အားလုံးလည်း သိလောက်ပါရဲ့ ...။

ဒီမယ် ... အားလုံးပုထုဇဉ်
သတိသမ္ပဇဉ် ဥာဏ်ယှဉ်ကြည့် ဘဝ ၊ သံသရာ၊ နောင်ရေး တဲ့
ဘုရားတောင် ချွတ်မရသေးတဲ့ အန္ဓတွေရဲ့အတွေးမှာတော့
ဝမ်းဆာလာရင် ဥာဏ်မယှဉ်နိုင်ကြတော့
မိုးယိုလာရင် သံသရာလည်းမမြင်တော့
အချမ်းပိုလာရင် နောင်ရေးလည်းမတွေးတော့
ကျောက်ခဲတုံးမှာ ရေမရှိစကောင်းပေမယ့်
ညှစ်စရာမရှိမှတော့ ကျောက်ခဲပဲညှစ်တာ အဆန်းမဟုတ်
ကျောင်းဆရာအလုပ်မှာ လူတိုင်းပျော်ကြပါရဲ့လား
လူတိုင်း ဗိုက်ဝကြပါရဲ့လား
ကိုယ်ယုံကြည်ရာကို ဈေးကွက်ထဲထိုးတင်ပြီး
ခေတ်ရေစီးနောက်ကို ဖောင်နဲ့လိုက်နေကြရတဲ့ကမ္ဘာ
အဲဒီဆရာသမားတွေ မွေးထုတ်လိုက်တာက
'သက်ကျယူပန် ကျံကျံသမျှ
သောင်သရာရာ တက်ကောင်စွာသား' တဲ့
ဒီဇာတ်လမ်း ဒီအဆင်ပျိုးလာမှတော့
ဘယ်လိုအဆုံးသတ်မယ်ဆိုတာ လူတိုင်းလည်း သိလောက်ပါရဲ့။

Logic တွေ၊ Thinking တွေ၊ Concept တွေ၊ Theory တွေ
ဂေဟဗေဒတွေ၊ အညမညသဘောတရားတွေ၊
အဲသလိုတွေနဲ့ အပြောက်အမွှန်းခြယ်၊
တို့ပတ်ရိုက် ပေါလစ်တင်ဖို့ အသာထား
ကိုယ်ထည်လေး ပြုတ်မထွက်အောင်
ပတ်တီးနဲ့တည်းနေရတဲ့ စံပယ်တွေ
သူတို့ ထင်သလောက်မမွှေးမြနိုင်တာ အဆန်းတော့မဟုတ် ...
ကျွန်တော်တို့မှန်းသလောက် မလန်းဆန်းနိုင်တာ အဆန်းတော့မဟုတ်
'ရန်ကုန်တိုင်းတစ်ခုတည်းက
ဘာသာစုံဂုဏ်ထူးရှင် ၆ဝဝ ကျော်ထွက်ရှိ' တဲ့
အဲသလို ကွက်ကြည့်ပြီး
ကျေနပ်စရာရလဒ်လို့ မြင်ရင်လည်း
အဆင်ပြေရင် လက်ခုပ်သံအကျယ်ကြီးကြားချင်တယ်။

ဒီမယ် အမှန်တရားရဲ့အရသာဟာ ခါးသီးပေမယ့်
ဒါကို ကျွန်တော်တို့ကျေကျေနပ်နပ်ကြီးကို လက်ခံရလိမ့်မယ်။

ခုတလော နားကလောအောင်ကြားနေရတာက
မျိုးဆက်သစ် မျိုးဆက်သစ် မျိုးဆက်သစ်တဲ့
အတော်လည်းအချစ်ခံရတဲ့ ဝေါဟာရ
လူတကာရဲ့ပါးစပ်ဖျား ရေပန်းအစားဆုံးဆိုလည်းဟုတ်ရဲ့
ပါးစပ်နဲ့အချစ်ခံရတာလောက်တော့
ဒီခေတ်မှာ ကလေးတောင် ရင်မခုန်ဘူး ... ။

တကယ် .. ကျွန်တော်တို့ရုန်းရမယ်
ကျွန်တော်တို့ ထ ရမယ်
မချမ်းသာချင်တဲ့သူ မတော်ချင်တဲ့ကလေး
ရှေ့မပြေးချင်တဲ့လူမျိုး ...
ထမင်းအိုးထမ်းရှာမနေနဲ့ ...
မရှိဘူးစိတ်ချ ...
အားလုံးလှချင်ကြတယ်
အားလုံးတော်ချင်ကြတယ်

တစ်ခုပဲ ...
စေတနာမှန်ရင် ကံအကျိုးပေးကောင်းပြီး
ခင်ဗျားတို့ကျုပ်တို့တွေရဲ့
သမိုင်းကြောင်းလည်း လှပါလိမ့်မယ်။

တစ်လက်စတည်း ပြောရဦးမယ်
မိစံပယ်လေးက သူ့အဖြေကို ဟောသလို အဆုံးသတ်တယ်ဗျ
'ဘိုးဘွားမိဘ တူကြီးမ၍ ... 'တဲ့။

                               တဇောင်းနီ

စာကြွင်း။       ။ 'သကျရူပံ၊ ကြံကြံသမျှ
               တောင့်တရာရာ၊ တတ်ကောင်းစွာသား
               ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို
               ငယ်ကမသင်၊ ပျော်ပါးလွင်မူ ...'

               (ရှင်မဟာရဋ္ဌသာရ၊အင်းဝခေတ်၊

1 comment:

  1. သူငယ်ချင်းမင်းကဗျာငါကြိုက်တယ်။

    ReplyDelete