Monday, January 23, 2012

အောင်မှူးဝေ ကဗျာအသစ်များ

မိုးမခမြစ်ကို အတိုးချချစ်ဖို့ ငါလာပြီ


ငါမသိအောင်ခိုးခိုးကြွေနေတဲ့
ညအိပ်ညနေပန်းကလေးတွေ
ငါ့ရဲ့ရှေ့ကမသိလိုက်မသိဘာသာ
ခေတ်စံနစ်အဖူးအပွင့်များ
ငါ့လမ်းဘေးဝဲယာမှာလည်း
သူရဲကောင်းဆန်ဆန်
အရိပ်ရပုံပြင်တွေ
ငါ
ကမ္ဘာပြုစကားလုံးတွေကိုချစ်သူပါ
ကမ္ဘာဖျက်လက်နက်တွေကိုမုန်းသူပါ
နက္ခတ်စုံပြီး လင်းခွင့်မရလိုက်တဲ့
ကောင်းကင်အသေတစ်ခုလည်းဖြစ်ပါတယ်

မြစ်ညာမှာနှင်းရည်တွေလည်းရွှဲလို
မြစ်ကငါ့ကဗျာထဲဝင်စီးတဲ့အခါစီး
ငါ့ကဗျာတွေကမြစ်ပြင်ပေါ်
သမ္ဗာန်ကလေးနဲ့ကိုယ်ဖော့တဲ့အခါဖော့ရဲ့
ငါ့ပတ်ဝန်းကျင်က
ကဗျာအယူအဆတွေကို
ဘာသာဗေဒထဲ ထည့်ထည့်ခလောက်လို့
ရူးနေတဲ့ကြောင်တစ်ကောင်လို
ကဗျာထဲမှာ
မျဉ်းကြောင်းတွေလျှောက်ခြစ်လို့
ငါ့ကဗျာတွေက
ဘယ်သန်ကဗျာတွေပါကွာ
မင်းဝေါဟာရတွေငါ့ကို မီးမကူးကြဘူး။
အလုံကျေးက ဂဠုန်လေးရေ
အကုန်ပေးလိုက်တာတောင်
ကလေးတစ်ယောက်ပဲ အဖတ်တင်ရသလား
ရွာထိပ်က အရူးမရဲ့ကဗျာ
ညောင်ရွက်တွေလေတိုးသံလိုလို
ဆွေးဆွေးမြေ့မြေ့ မြည်တယ်
အရူးမပါးစပ်သာသေနတ်ဆိုရင်
အသံတစ်ခုထဲမှန်တာနဲ့တင်သေလောက်တယ်။
အယောင်ဆောင်ပြောင်းလဲမှုတွေကြား
အမှောင်ကိုကုစားတဲ့ဆေးကဈေးကြီးလို့
မြစ်ညာကအလင်းကိုပဲ ငါမျှော်နေမိတာ
မိုးမခမြစ်ပြင်ကို
အတိုးချချစ်ချင်လို့ လာခဲ့ပြီ။    ။

အောင်မှူးဝေ
========================================================
ငါ မကြည့်လိုက်ရတဲ့ရုပ်ရှင်

ငါ့ခံစားချက်တချို့
အသွားတုံးသွားစေတဲ့ရုပ်ရှင်
ငါမကြည့်လိုက်ရတဲ့ရုပ်ရှင်
ဒီသင်ခန်းစာကတန်ဖိုးကြီးတယ်
ဘာဖြစ်ဖြစ်
ဒီပွဲကတန်ပါတယ်။
ရင်ချင်းဆက်ဂဏန်းနှစ်လုံးနဲ့
တစ်ဇာတ်လုံးကိုနိဒါန်းပျိုး
အာသာဆန္ဒတွေဇောက်ထိုးမိုးမျှော်ပဲ။
မြစ်ညာပေါ်တိမ်တွေခုန်ဆင်းလာသလို
ကုန်းတံတားများပေါ်သေခြင်းတရားတွေခုန်ဆင်း
ရှင်သန်ခြင်းတစ်ဝက်နဲ့
ထရပ်ကားပေါ်ပြေးတက်သွားသူတွေလည်းရှိရဲ့
ကျောင်းစိမ်းဝတ်စုံလေးရေ
မင်းသခင်မအမျက်တော်ဟာ
ငါ့အပေါ်ပဲကျလာမှာ
ချောင်းရေကြီးသလိုခေတ်ကြီးကပဲ
ဒေါသကြီးတယ်ထင်ပါရဲ့။
ဒီနေရာပေါ့
သမိုင်းဟာစီဒီရွမ်ထဲမှာဖိနပ်တစ်ဖက်ပြတ်ခဲ့တယ်
ဒီနေရာပေါ့
အလှည့်အပြောင်းဟာ
ကျိုးသွားတဲ့ညာလက်ကို
လွမ်းဆွတ်ကြေကွဲပြခဲ့တယ်။  ။
အောင်မှူးဝေ


အောင်မှူးဝေ
==================================
အမေ(ဒေါ်အောင်ဆန်းစုကြည်)
အမေ
ဘ၀ထဲကဆွဲထုတ်လို့ရသလောက်ပျော်ရွှင်မှုမှာ
အပြုံးချိုချိုတွေကိုတပ်ဆင်ထား
အမေ့နှလုံးသားက
ဘယ်နားတူးတူးရတနာထွက်တဲ့မြေပဲ။
ဘယ်နှခါငေးငေး ငေးမ၀တဲ့ရှုခင်းဟာ
အမေပေါ့။
အမေကသူ့အဖေနဲ့
ငယ်ငယ်ထဲကကွဲကွာသွား
အမေ့ငယ်နာမည်က
မီးငယ်တဲ့
ခင်မောင်တိုး..ခင်ဝမ်း
အမေ့နာမည်ကိုသီချင်းဖွဲ့ကြတယ်
မီးငယ်ရေအားရှိမှကျော်ဖြတ်သွားတဲ့။
ငါတို့ဟာ
အမေ့ရဲ့အားတွေ
အမေ့ရဲ့ဓားတွေ
အမေ့ရဲ့ကျားတွေ
ပြီးတော့..
အမေ့ရဲ့သားတွေ..။
သူငယ်ချင်း
မင်းအိမ်ပြန်ရင်ငါ့ကိုယ်စား
ငါတို့အမေ့ပါးကို
ငါတို့ကိုယ်စားအပိုနမ်းခဲ့ပါ
သတ္တိများစွာ..
မေတ္တာများစွာ..
အနစ်နာများစွာ..
သစ္စာတရားမှာထုံကူးကြရအောင်.. ။     ။
အောင်မှူးဝေ
Posted by ရွှေစုန်းချောင်း at 5:45 PM
===============================================================
ဂျစ်ပစီရေမွှေးနံ့နဲ့ကဗျာ

ဒီညတော့...

ငါတို့ရဲ့မိုးမချုပ်နိုင်သေးတဲ့ဒုက္ခတွေကို

မေ့ထားလိုက်ရအောင်

ခရေနံ့မွှေးမွှေး

ကြည်နူးမှုတံခါးလေးကိုမပိတ်လိုက်ပါနဲ့။

နေ့စဉ်နဲ့အမျှ

လူကြီးလူကောင်းဝတ်စုံမှာ

ဂျစ်ပစီရေမွှေးနံ့နဲ့

ရိုးသားခြင်းနှုတ်ခမ်းဖူးဖူးလေးမှာ

ကောက်ကျစ်တဲ့နှုတ်ခမ်းဆိုးဆေးတွေနဲ့

လက်သည်းခြေသည်းတွေပေါ်မှာ

မာယာပန်းတွေလည်းရောင်စုံပွင့်နေရဲ့

မြို့ပြအခင်းအကျင်းမှာ

ကျင်လည်စွာပေါက်ရောက်ရှင်သန်ကြရပုံ။

ရွက်ကျပင်တွေလို

မြေမရွေးတဲ့နေထိုင်မှုမျိုး

ငါးတွေလို

မိုးထဲရေထဲအသက်ရှူနိုင်စွမ်း

ကျားတွေလို

သားကောင်မရွေးဖမ်းယူစားသောက်ခွင့်

ဒီညခင်းရဲ့အဖွင့်စာမျက်နှာပေါ်မှာ မရှိစေရပါ။

ဆူးလေလမ်းတလျောက်

သားပျောက်ရှာသလို

အရေးတကြီးဘီအမ်ဘတ်(စ်)ကားတွေပေါ်

ငါတို့အိမ်ပြန်ချိန်တွေကိုပစ်တင်လိုက်

တချို့လည်း

ဆယ့်ငါးကျပ်တန်ရထားလက်မှတ်လေးထဲ

အိမ်ပြန်ချိန်ကိုချွေချွေတာတာခေါက်ထည့်လို့

တွဲထောင့်မှာကွမ်းတံတွေးကွက်တွေဆေးလိပ်တိုတွေနဲ့အတူတူ

ကောင်လေးက

ခပ်၀၀ကောင်မလေးကို

မနိုင်ဝန်ထမ်းသလိုပွေ့ဖက်လို့

မြင်ကွင်းချိုချိုတွေတရိပ်ရိပ်ခုတ်မောင်းလာ

နာကျင်မှုလတ်လတ်ဆတ်ဆတ်တွေလည်း

သော့ခတ်သိမ်းဆည်းလာ

ဝင်္ကပါလမ်းဟာ

မီးတွေစတင်လင်းလက်ပြီ။

ဒီညတော့

ငါတို့ရဲ့မိုးမချုပ်သေးတဲ့ဒုက္ခတွေကို

ခဏမေ့ထားလိုက်ရအောင်။     ။

အောင်မှူးဝေ

3.11.2011

2 comments:

  1. အမေဆိုတာ အမေပဲမို့  ကာကွယ်တာသဘာဝ
    hero ဆိုတာ zeroမဟုတ်လို့  တန်ဖိုးရှိတာသဘာဝ
    အမေဆိုတဲ့ hero ကို တို့ တွေမှ မချစ်ရင် ဘယ်သူချစ် တို့ တွေချစ်တာ အမှားမဟုတ် မှားသူတွေတော့ မှားကုန်ကြမှာပေါ့

    ReplyDelete
  2. တိမ်းမရှိသောကောင်ကင်
    မီးမရှိသောမိးတိုင်
    အိမ်မရှိသောဝိုင်း
    မင်းမရှိသောနေရာ
    ငါဘဝကမဲမှောင်နေပြီ

    ReplyDelete