Wednesday, January 18, 2012

အောင်ချိမ့်ကဗျာများ


သတိရခြင်းများမှတ်စု (အောင်ချိမ့်)

မွေးဖွားစ အဲဒီတုန်းက
တွေးထင်ကိုင်တွယ်ခဲ့သလိုပင်
ခပ်ဖွဲဖွဲအပြာပါးပါး နှင်းတွေဝေလို့ရယ်
ငါ အခုပြက်ရယ်ပြုပုံမျိုးနဲ့ ခြားနားလွန်းတယ်။

တစ်ခါစစ်ရှုံး၍
နှစ်သုံးဆယ် သည်းခံတတ်ခဲ့ခြင်းအတတ်
မွှေးကြူလိုသော ပန်းခင်းမှာ
တစ်ဆစ်ဆစ် ပျားများတုပ်သော ဒဏ်ရာ
ရောင်ကိုင်းစဉ်
မခင်တွယ်လိုတော့ခြင်း အဆိပ်ခွက်
ငါ့လက်မှာ တုန်ရီလျက်။

စုဆောင်းမိတဲ့ ၀ါးကျည်တောက်နဲ့အပြည့်
ခေတ်၏ ကာလ၏. . .တဲ့
သူ့ရဲ့ရည်းစားစကားကြောင့် ပင်လယ်သွားမယ်။

လက်နှိပ်ဓာတ်မီး ပစ်ကွင်းထဲ
မဲမဲတစ်အုပ်ပြီးတစ်အုပ်
ရွရွလှုပ်လို့ ပူဖောင်းတွေ။
နေ့အတူ ညအတူ
အဖြူသုံးဖို့ဝန်လေး

အရေးကြီးတဲ့ အချိန်များကို ဇွန်းနဲ့ခပ်
ခင်ဗျား သိပ်ပြတ်သားပါတယ်။

ရမက်အလိုကြီးလွန်းလို့ပေါ့
ဒီလူမသေတော့တာ။

အားလုံးအပေါ် မကောင်းနိုင်သေးပါ
အကောင်းဆုံးလူနည်းနည်းကို ကောင်းခဲ့ရန်. . .
ရင်ကွဲနာကျ ခေါင်းဖွက်ထားဆဲ။

ပခြုပ်တွင်းမှ သီချင်းထွက်ပေါ်လာရာ
ငါ့ဦးခေါင်းအရေပြားတစ်ပြင်မှာ
မြွေဟောက်တွေ ရှုပ်ထွေးရှည်လျားလှပေါ့။

“ဘယ်နှယ့်လဲ”
သူရဲကောင်းက မေးခွန်းထမ်းလို့။

“တစ်လမ်းသာရှိပါတယ်”
လူမိုက်မို့ ယဉ်ကျေးမှုရွက်လို့။

တစ်ခါ . . .
အစွန်းတွက်စကားသံ
ကားသံနဲ့ ပေါက်တူးသံ
အဘိဓမ္မာများ ခြေဒရွတ်ဆွဲ
ဟောပြောပွဲနေ့များ နီးကပ်လာပြန်ပါပြီ။

မြင်နေကျ ဆင်ခြင်တုံတရားဟာ
ခါးလိုက် . . .ချိုလိုက်။

လူငယ်ဟာ လူငယ်နဲ့မတူတဲ့ အရသာဟာ
အ၀ိုင်းစက်စက်
လေးထောင့်ကွက်ကွက်။

မိန်းမရယ်
အပြစ်မရှိသော အိပ်ပျော်ခြင်းတစ်ခု
ငါ့အတွက် ပြုစုပေးဖို့ပဲပြောတာပါ။

နာကျင်မှုများ သိပ်သည်းမှ
အကြောပြေလာသောသွေးများ
သေသပ်စွာ နှုတ်ခမ်းသုတ်တာ ကြုံဖူးတယ်။

ဟောဟို လူအရောက်နည်းတဲ့ တောင်ကုန်းနံဘေးမှာ
ရာဇ၀င်ဆိုတာကို ပူဇော်ပါတယ်။

အိပ်မက်ကိုနွားနို့နဲ့
တပ်ဆင်ပြီးစ စက်တင်ဘာညနေမှာ
ဖျင်ကုလားထိုင်နဲ့ အရုပ်ကြိုးပြတ်ထိုင်နေသူဟာ
ငါ့ပေါ့။ ။

အောင်ချိမ့်

အောင်ချိမ့်ရုပ်ရှင်ကြည့်ခြင်း (အောင်ချိမ့်)

ပန်းပွင့်မှ အချစ်သီချင်းတစ်ပုဒ်
ကြားရတယ်။

အလိုမပြည့်ခြင်းဖြင့်
ဘ၀ကို ဖက်တွယ်ထားရဲသူများအား
သူရဲကောင်းဟု ခေါ်ဆိုပါဘိ။

စာအုပ်တစ်အုပ်မှ ကစားစရာတစ်ခု
ကောက်ရတယ်။

“ကမ္ဘာရဲ့ မြေကြီးအားလုံးမှာ
စားသောက်ပင်ချည်းစိုက်မလို့”တဲ့


ဥယျာဉ်ထဲမှာ လူသေအလောင်းပေါ့
ပျော်ကျနေတယ်။
မြေပဲဆားလှော်တစ်ထုပ်ဝါးလို့။

ဒီဇိုင်းနဲ့ ရှပ်အင်္ကျီကို
ရှိုးတိုးရှန့်တန့်ဝတ်ကြနဲ့။
“အဓိပ္ပာယ်”တဲ့
သူကိုယ်တိုင်ကမှ အဓိပ္ပာယ်ရှိတာမဟုတ်တာ။

“လူ”. . .တဲ့
ဆိုက်ကားပေါ်မှာပေါ့။
“လ”သွား ဒုန်းပျံထဲမှာပေါ့။
ဗင်းဆင့်ဗန်ဂိုး၏ အလိုအရ
“ကျွဲနွားများရဲ့ ပုံတူရေးဆွဲရန်
တိရစ္ဆာန်ကဲ့သို့ နေထိုင်ရန်လိုအပ်ခဲ့၏”
သောက်ရေတစ်ခွက် သောက်ရခဲ့သည်။
ဘယ်လောက် ထိတ်လန့်ဖို့ကောင်းသလဲ
ဖြစ်ခဲ့ပြီ. . .တဲ့
ဖြစ်ခဲ့ပြီ. . .တဲ့
ဇန်န၀ါရီ၊ ၅ ရက်၊ တနင်္လာနေ့
[ညီမလေးရယ်]
အမှုတစ်ရာတွေ့ခဲ့ပြီ။
သင်္ခါရလောကထဲမှာ အဲသလို
လူအဖြစ်ရဲ့ မာန်နတ်များ
ဖြတ်သွားခဲ့၊ ရပ်နားခဲ့
ငါ့သမာဓိအားကို ဖွဲ့နွဲ့တယ်။

ခေါင်းမိုးက လရိပ်မှာ
ငါ့ဝိညာဉ်ဟာ မြင့်မြတ်နေရဲ့။
ခန္ဓာကိုယ်ဟာသာ
အလင်းမှုန်မှုန်. . .
ထောင့်ကွေးလေးတစ်ခုမှာ ထိုင်လို့ပေါ့။

အောင်ချိမ့်

ခရီး (အောင်ချိမ့်)

အိပ်မက်မရှိသူ
သီချင်းမဆိုတတ်သူ
ငါမဟုတ်မူ၍။

ငါ့အသင်
ခြေဆေးပါ
ခေါင်းလျှော်ပါ
ရေချိုးပါ
လာလေ..ဒို့သွားကြရအောင်။

ဝိညဉ်မဲ့ခေတ်များနဲ့
၂၄ နာရီတို့ထံမှ
ကံကြမ္မာအရရွေးနှုတ်
ရေဒီယိုခလုတ်ကိုနှိပ်
သတင်းစာကိုလည်းပိတ်ခဲ့ပါ။

အစက်တစက်မှ
အခြားအစက်တစက်သို့
ဆက်သွယ်ပြီးမျဉ်းဖြောင့်တကြောင်
ညောင်းညာနေရောပေါ့။

နှစ်ပေါင်းအသောင်းအထောင်
သိပ်သည်းစွာမှောင်ခဲ့
အရောင်၊ရနံ့
ရသ၊ လူ့အခွင့်အရေး
မြင့်မြတ်သောကလေးငယ်
ချိုနွေးသောမိခင်နို့
တို့ထိတီးခတ်လိုက်သောအခါ
လက်မှတ်ထိုးထားသောစာရွက်
မိုးချုန်းပျက်သံကြားရတယ်။

အတွေ့အကြုံနုနယ်စဉ်
မျက်ရည်ဆိုသောအသင်
လူမသိခင်ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တယောက်အမူအကျင့်နဲ့။

လမ်းတူသူချင်းသာ
ဒဏ်ရာကိုဆေးကု
သွေးတိတ်အောင်ပြုစုလို့
ဒို့နောက်ကလူတွေလဲသတိရနေမယ်။

`ကြောက်ကြဟေ့၊ကြောက်ကြ’
ဒီနေ့ကိုသူတို့ပိုင်သ သတဲ့
အို ထမင်းစားခဲ့
အို အသက်ရှူခဲ့သူများသို့
ဆိုက်ဗေးရီးယားရောက်
သစ္စာတရားဟာ
ကျန်းမာလျက်ရှိကြောင်းသတင်းရတယ်

အိမ်ရယ်
အိပ်ယာရယ်
သံယောဇဉ်များရယ်
ချစ်သောသူရယ်
ပူပင်ပေမယ့်ခဏခွဲခဲ့ရ
ပြန်ဆုံကြတော့ပိုလို့နွေးမယ်။

ခြေထောက်များရဲ့အောက်
သမန်းညက်လောက်အောင်
‘ဆက်လျှောက်ကြ’
‘လျှောက်ကြ’
‘လျှောက်ကြ’

လျှပ်တခါပြက်
မျက်တောင်တခါခတ်တိုင်းအံ့ဘွယ်ပ
ဝါကျ၊ပုဒ်မ
စကားလုံး၊သွေးနံ့
အဖြူသန့်စပွဲခင်း
ဟင်းခွက်ပေါင်းငါးရာ
မုသာဝါဒနဲ့
ဘာသာဗေဒတခုလေ
ကမ်းနားရေစပ်မှာထိုင်နေရဲ့။
‘အလို’
ကိုင်းပင်ကဗျိုင်းတောင်
တောင်ပံလန့်ပျံပြေးသွားတယ်။

အို .. လူ့သမိုင်း
စောင့်ဆိုင်းမှုသမာဓိ
ပြည့်သမြဲပြည့်ဝတော်မူပါအရှင်။

ဟိမ၀န္တာ
ဂန္ထ၀င်မြောက်တောအုပ်
လမ်းရှုပ်သည်ဖြစ်စေ
ရှင်းသည်ဖြစ်စေ
ရွှေပြည်တော်ကြီးနီးပါပြီ။

‘လူ့ဘ၀ကား
အိပ်မက်မျှသာဖြစ်၏’
သစ်ပင်ပျိုပင်စည်တို့၌
ထိုစာပိုဒ်အားတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။ ။

အောင်ချိမ့်

ချပ်ချပ် (အောင်ချိမ့်)

ချပ်၊ ချပ်
ချပ်၊ ချပ်
တနင်္ဂနွေလို နေ့များမှာ တစ်ခါတလေ
တစ်ခါတလေ တနင်္ဂနွေလို နေ့မျိုးမှာ
“စိမ်းမြမြ မြက်ခင်းပြင်များပေါ်တွင် ” တို့ ဘာတို့ လေချွန်လို့
ငါ့မှာ ဆံပင်ညှပ်ခုံမှာ။ ဇိမ်ပဲ။
ချပ်၊ ချပ်
ချပ်၊ ချပ်
မောင်ချောနွယ်ဆီက တစ်ခွန်းရတယ်။
“အရက်မသောက်ရင် ဘာလုပ်ရမလဲကွာ” တဲ့။
ချပ်၊ ချပ်
ချပ်၊ ချပ်
ဆံပင်ညှပ်ခုံပေါ် ဂေါ်ဇီလာကြီး အိပ်မက်အ၀င်မှာ။
“အန်ကယ်ငြိမ်ငြိမ်
အန်ကယ်ငြိမ်ငြိမ်  ငြိမ်ငြိမ်လေးနေ အန်ကယ်ရေ” တဲ့။
ချပ်၊ ချပ်
ချပ်၊ ချပ်
ချပ်၊ ချပ် ချပ်၊ ချပ် ချပ်၊ ချပ် ချပ်၊ ချပ် ချပ်

အောင်ချိမ့်
သရဖူမဂ္ဂဇင်း အောက်တိုဘာ ၂၀၀၉


ရေချိုးပြီးစ (အောင်ချိမ့်)

ပြီးရင်
ခန်းစီးနားကွယ်လို့
ငယ်ရွယ်သူတို့ဘာသ
ရင်ခုန်သံလွလွလေးကို
မျှော်မယ်။
‘ကြည့်စမ်းကွယ်
သူဒီနေ့
မနေ့ကထက်လှနေတယ်’
ဖြတ်သွားသူတွေပြောလိမ့်မယ်။

အရောင်အသွး
အမွှေးအထုံ
အလှဗေဒနဲ့မှုံသ
မှန်ခုံကသူထလိုက်ပါပြီ။

ဟုတ်တယ်
ရေချိုးပြီးတယ်ဆိုရင်
ဘယ်လိုပဲဖြစ်ဖြစ်
ဒါ .. ဖြစ်သင့်တယ်။

နုပျိုဆဲမှာ
အသက်သွေးပူနွေးဆဲမှာ
ရင်ခုန်သံသန်မာဆဲမှာ
ဒါဖြစ်သင့်တယ်။
ကျန်းမာရေးကောင်းသူတွေ
ရေချိုးကြပါတယ်။

တခါရေချိုးပြီးစ
တခါလှပါတယ်
ဘယ်နှစ်ခါချိုးချိုး
ရိုးသွားမယ့်အလုပ်
ဘယ်ဟုတ်လိမ့်မလဲ။

သူတော်စင်တို့စကားတော့
နားမယောင်ကြလေနဲ့
နွေမှာ၊မိုးမှာ
ဆောင်းမှာ
ရေချိုးကြပါလေ။

တကယ်တော့သိလား
အမာရွတ်မျက်နှာသနပ်ခါးလိမ်းလို့ကော
နာတာရှည်ရောဂါသည်ရေမွှေးဆွတ်
မုဆိုးမကမူပြပစေ
အသေကောင်ရေချိုးရင်လဲ
အပိုပါဘဲ။

ရိုးသားမှုနဲ့
တတ်စွမ်းနိုင်တာပြုလုပ်
ကျွန်ုပ်တို့ရေချိုးကြရအောင်။ ။

အောင်ချိမ့်

အို . . . ညနေ (အောင်ချိမ့်)

ဟောဟိုက
ဗာဒံရွက်ကြွေကျပုံက
လမ်းခုလတ်ရောက်မှ တစ်စုံတစ်ရာကို
အမှတ်ရကာ တန့်ခနဲ့ရပ်
ပြီးမှ
တဟုန်ထိုးခုန်ချလိုက်တယ်။

ဗီရိုပေါ်မှာ ရောဂါတစ်ခုခုရနေတဲ့
နာရီဟာ
ကျွန်တော့်နာမည်ကို မေးပါတယ်။

တူး . . .
တူ့ တူး . . .တဲ့
စူးရှစွာ အလန့်တကြားအော်
ချော်လဲမတတ် သူ့ခန္ဓာကို ပြန်ဟန်ကာ
“ဘယ်မြို့ထိအောင် သွားမှာလဲ”
မီးရထားတစ်စင်း ဖြတ်မောင်းသွားပေါ့။ ။

အောင်ချိမ့်

No comments:

Post a Comment