Monday, December 5, 2011

မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ နေ၀င်တေး


မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ နေ၀င်တေး

by Hero Rose on Saturday, October 22, 2011 at 4:24pm
မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ နေ၀င်တေး


ကိုယ့်ကိုယ်ကို သတ်သေမယ့်အစား
တစ်ခုခု အစားထိုးကြည့်ပါလား
ဥပမာရပ်ကွက်ကိုရူးချင်ယောင်ဆောင်ပြီး
အော်ဆဲလိုက်တာမျိုး
သံရည်ကျိုတော့မယ့်ဘတ်(စ်)ကားကို
အုတ်ခဲကျိုးနဲ့ပိတ်ပက်ထုတာမျိုး
လေချွန်လိုက်
နင်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို
ငါ့နားထဲမှာ ရေးဖွဲ့လိုက်
ဘာပဲဖြစ်ဖြစ်
စိတ်သက်သာရာရဖို့ အဓိကပဲ
နင့်ကိုလူဝကြီးတစ်ယောက်ခြွေဖဲ့ခဲ့သလိုမျိုး
အလကားရတဲ့ပန်းကလေးတွေအပေါ်ဆက်ဆံကြည့်ရင်ကော
သတ်သေချင်စိတ်ပျောက်နိုင်မလား
ပိုက်ဆံအိတ်ကိုခဏခဏ ဖွင့်ကြည့်မနေပါနဲ့
နင် လှမှ တောင့်မှ ဖြောင့်မှ
ပိုက်ဆံအိတ်လည်းလှမှာတောင့်မှာဖြောင့်မှာပေါ့
လူ့စွမ်းအားအရင်းမြစ်ကိုပိုးစားတဲ့အလုပ်နဲ့
ရွှေထီးဆောင်းစတေကာကားတွေပေါ်က
အက်ဆစ်ပင့်ကူမလေးရေ
နင်ပျော်ပါးခဲ့တာပေါ့
ဟုတ်လား..တကယ်ပျော်ခဲ့ရလို့လား
သတ်သေချင်လောက်အောင်ပျော်ခဲ့ရတာပေါ့
လှောင်အိမ်ထဲထည့်သိမ်းခံရတဲ့ဓားတစ်ချောင်းလိုလား
အသားစိုင်နုနုအိအိလေးထဲ
အသားစိုင်တစ်ခု တိုးဝင် တိုးထွက်
လက်ကောက်တစ်ကွင်းကို
ချွတ်လိုက်ဝတ်လိုက်လုပ်သလိုမျိုး
အခု..
ရောဂါကကျွမ်းနေပြီ။
ဟေ့
ပေါင်မုန့်အသိုးတစ်ဖဲ့နဲ့တူတဲ့ညကို
နတ်ဆိုးတစ်ကောင်လိုငေးကြည့်မနေပါနဲ့
ငါတို့တစ်ခုခုလုပ်ရအောင်
မိုးလင်းတော့မယ်
ဒါမှမဟုတ်
ငါတို့ဘ၀တွေဘယ်တော့မှမိုးမလင်းဘူး
စကားလုံးတစ်ခုခုရွေး
အိုး..ဘုရားသခင်-ဆိုတာလောက်ပဲဖြစ်ဖြစ်
မနက်ခင်းအသစ်ကျပ်ချွတ်လေးရဲ့ အစမှာ.....။      ။

(ဘ၀ပျက်သွားတဲ့ကျောင်းသွားဖော်သူငယ်ချင်းမလေးတစ်ယောက်သို့ ကြေကွဲစွာဖြင့်....)

ကဗျာတွေကလွဲပြီးဘာမှမချမ်းသာတဲ့

အောင်မှူးဝေ

No comments:

Post a Comment