Sunday, December 4, 2011

ကွင်းခေါင်ခေါင်ဆိုတော့......

ကွင်းခေါင်ခေါင်ဆိုတော့...

ရှေ့ဆက်ရဲတဲ့သတ္တိမရှိရင်
ဒီအခန်းမှာပွဲသိမ်းလိုက်ကြရုံ
ဆုံးသွားလည်းတစ်နေရာကပြန်စ
ခရောင်းလမ်းထဲကပြန်ထ
မီရာဇာတ်ကွက်
မီရာသီချင်းအပိုဒ်ကနေပြန်စ
ငါတို့ဟာ
အဖန်ဖန်ဖြစ်ခြင်းတရား
အဖန်ဖန်ပွင့်လိုက်
ကြွေလိုက်
ပြန်ဖူးလိုက်
သံသရာနဲ့လူ
ပြိုင်တူလည်ပတ်ကြပုံ။
အိမ်ရာအသစ်
ရပ်ကွက်အသစ်
အဖိုးနည်းချိုသာမြေကွက်ကလေး
ကွင်းခေါင်ခေါင်လေစိမ်းတွေနဲ့
ပြန်စတာပဲကွာဘာကဗျာမှမဆန်လည်းဖြစ်တယ်။
ဒဏ်ရာရတာမဆန်းပါဘူး
ကိုယ်တိုင်သွေးပြီး
ကိုယ့်ဘက်လှည့်ထားတဲ့ဓားဦးရဲ့ဒဏ်ရာ
ဒါတော့ဆန်းမယ်။
ခြေတစ်လှမ်းစာအမှားဟာ
ငါတို့ရဲ့အဆုံးများစွာ
ပြီးတော့အစများစွာ
ဘ၀များစွာ
ကွင်းခေါင်ခေါင်ဆိုတော့ပူတယ်
ဒါပေမယ့်..
ငရဲလောက်တော့မပူဘူး။  ။
အောင်မှူးဝေ

No comments:

Post a Comment