Friday, December 2, 2011

လက်သီးဆုပ်ထားတဲ့ကဗျာ(ကဗျာရှည်)

နှင်းကေသရီ..
ငါတို့က ငါတို့ကိုယ်တိုင်မြစ်တစ်စင်းဖြစ်လို့
ငါတို့ဘ၀ကမ်းပါးတွေကိုတိုက်စားပစ်နေသလား
ငါတို့ကံကောင်းခြင်းလေးတွေ
မြစ်ကျိုးအင်းလိုတိမ်ကောသွားခဲ့ရ၊
နှင်းဆီတွေ နှင်းဆီနဲ့မတူတော့တဲ့ခေတ်ထဲ
စံပါယ်တွေလည်း စံပါယ်လိုမဖြူတော့ဘူးပေါ့။
 
နှင်းကေသရီ...
ငါတို့တွေကဖြောင့်မတ်ပြီး
လမ်းတွေကပဲကွေ့ကောက်နေတာလား
လမ်းလေးတွေကဖြောင့်တန်းပြီး
ငါတို့ကပဲကောက်ကွေ့နေတာလား
ငါးမျှားချိတ်လိုဝါကျတွေ
မနက်ခင်းကိုဖောက်ဆွဲလို့
ငါတို့စကားလုံးတိုင်း ဒဏ်ရာတွေအပြည့်။
 
နှင်းကေသရီ....
ငါတို့အိမ်ရှေ့မှာလမ်းကလေး
လမ်းကလေးရှေ့မှာ
မီးခိုးတိတ်အနာဂတ်နဲ့
အရောင်ငတ်နေတဲ့ ပန်းချီကားတစ်ချပ်
အဲဒီအိမ်ကလင်မယားထထသတ်တာ
ရပ်ကွက်လေးရဲ့
တစ်ပုဒ်တည်းသော သီချင်း
မင်းလည်းကြားနေရတာပဲ
ငါတို့ ဘာမှမတတ်နိုင်ဘူး။
 
နှင်းကေသရီ..
နားလည်ရခက်တဲ့ လူတွေကြားထဲ
နားလည်လွန်းအားကြီးနေမိတာကပဲ
ငါတို့မှားခဲ့ကြတာလား
နားလည်ခြင်းကိုတောင်မှ
နားမလည်မိတဲ့အဖြစ်
အပြုံးတွေအောက်မှာ
မြွေဟောက်တွေကခုန်နေတာ
မင်းမသိသလို
ငါလည်းမသိခဲ့..။
ငါတို့ကြည့်ခဲ့သမျှမှန်တွေထဲ
ငါတို့ အတ္တဟာ ချောမောစွာ
ငါတို့မာနလည်းတောက်ပစွာ
ငါတို့သည်းခံခြင်းကတော့
ခုထိသနပ်ခါးလိမ်းလို့မပြီးသေး
ငါတို့ရုပ်ဓာတ်ထဲကအနုပညာမှာ
ဆူးသားတွေချွန်မြလို့..။
 
နှင်းကေသရီ.....
မင်းအသက်ရှူသံတွေက
ပန်းချီကားထဲမှာ
ငါ့အသက်ရှူသံက
အက္ခရာတွေထဲမှာ
မင်းစကားပြောတဲ့အခါ
အရောင်များများမသုံးမိစေနဲ့
ငါစကားပြောတဲ့အခါလည်း
အက္ခရာများများမသုံးဘူး
ငါတို့ လက်တွဲရှင်သန်ဖို့
ချွေတာရေးကာလဟာရှည်လျားလွန်း။
တစ်လောကလုံးချမ်းသာနေချိန်
ငါတို့ချည်းပဲဆင်းရဲနေရတာလည်း
ဆင်းရဲမှုတစ်မျိုးပဲ။
ပိုက်ဆံတစ်ခုတည်းချမ်းသာရတော့လည်း
ပျင်းစရာကောင်းတယ်။
 
နှင်းကေသရီ....
မင်းအလွမ်းဟာအရေခွံလဲသင့်ပြီ
မင်းချစ်သူလည်းငါ့ချစ်သူလို
သစ္စာမဲ့တေးသွားနဲ့ပွင့်တဲ့ပန်းကိုမှပန်ချင်တယ်
နှလုံးသားထဲကအမုန်းလွင့်လွင့်ဆောင်းရာသီမှာနှင်းဟာ
ခါးသက်သက်ကြွေဆင်းအေးမြ
ငါတို့အတွက်ဘာမှအသုံးမကျတော့ဘူး။
အသွေးအသား
ဈေးကစားလိုတဲ့မိန်းမအဖြစ်
မင်းသမိုင်းဟာခရေလိုကြွေကျခဲ့
ငါလည်းဓားသွားရင်ခွင်ပေါ်မှောက်လျက်လဲခဲ့တာပါပဲ
ရင်ကွဲရနံ့ကညမွှေးပန်းလိုသင်းတယ်
 
နှင်းကေသရီ.
ငါတို့နေထွက်ချိန်တွေဟာ
နေ၀င်ချိန်ထက်ပိုမိုချိုမြဖို့
ငါတို့မွေးဖွားခဲ့ကြတယ်။
ငါတို့မှာ..
ပွဲပြီးပေမယ့်မီးမသေနိုင်တဲ့
ခံစားချက်တွေရှိတယ်။
လက်ဆပြင်းရင်ပြင်းသလောက်
အညိုအမည်းတွေဗွက်ပေါက်သွားနိုင်တဲ့
တစ်ခါသုံးလောကဓံတရားတွေရှိတယ်။
ဓားအိမ်ထဲဓားတစ်ချောင်းဝင်သွားသလို
ငါတို့အိမ်ပြန်ချိန်တွေရှိသေးတယ်
 
နှင်းကေသရီ..
ငါတို့နဲ့မျက်နှာချင်းဆိုင်
ပွဲလမ်းသဘင်တွေရဲ့အဆုံးမှာ
ငိုသံ..........
ရယ်သံ...........
ဖိနပ်ပျောက်သံ...
တပ်ခေါက်သံတွေစိုလူး
မနက်ဖြန်ဆိုတာတောင်
အဖူးလေးစဖူးနေပြန်ပေါ့
တစ်ညလုံး
မင်းသမီးနှုတ်ဖျားတိုက်ပွဲကျသွားတဲ့သီချင်းလည်း
သူ့နိဒါန်းသူထမ်းပြန်သွားပြီ။
ညက
ရယ်ရတဲ့လူပြက်တွေလည်း
ငိုဆေးတစ်ဖုံသဖွယ်ညကြေးနဲ့
ရယ်လို့။
သူတို့ရဲ့အကောင်းစားပြက်လုံးတွေဟာ
ဒေသထွက်အရက်ပုလင်းထဲမှာ
မူးနေ။
နှင်းကေသရီ..
ငါတို့ရဲ့ဒုတိယတိမ်စဉ်တံတားအတွက်
လက်သီးဆုပ်ထားသူငယ်ချင်း
အိပ်ဇိုးဒပ်ဝတ္ထုထဲက
ကစ်တီဖရီးမွန့်လို
ဂျော်ဒါးနားတို့လို
နေရောင်ခြည်အသစ်အသစ်တွေအတွက်
လက်သီးဆုပ်ထားသူငယ်ချင်း။
ငါတို့ဘ၀တွေက
မင်းသမီမအေဇာတ်ဆရာကိုရန်ထောင်သလို
၂၄နာရီ ပွဲသိမ်းဆိုတော့
ကိုယ့်အိပ်ရာကိုယ်ခေါက်
ကိုယ့်လိပ်ပြာကိုယ်ကြောက်နေရတယ်
 
နှင်းကေသရီ..
ငါရောမင်းပါ
မြင်းမိုရ်ထက်ကလိမ့်ကျခဲ့တဲ့ကျောက်တုံးတွေ
ဆုံးရှုံးခြင်းကိုပါ
ဆုံးရှုံးသွားပြီးတဲ့နောက်ပိုင်
နောက်ထပ်ဘာတွေဆုံးရှုံးရဦးမလဲ
လက်သီးဆုပ်ထားသူငယ်ချင်း။
 
နှင်းကေသရီ..
မင်းရောငါပါ
မြစ်ညာကိုဆန်မတက်ဖူးတဲ့ရေမြှုပ်တွေ
နာကျင်မှုကအစနာကျင်နေမှတော့
ဒီထက်နာကျင်စရာတွေမရှိနိုင်တော့ဘူး
ပုံပျက်ပန်းပျက်ထိုးစိုက်လာတဲ့
အောင့်သက်သက်လူမှုရေးရာထဲ
တစ်ခါတစ်လေ..
လူတွေကစေတနာနဲ့မတန်ဘူး
တစ်ခါတစ်လေ..
စေတနာတွေကလူနဲ့မတန်ဘူး
စစ်တုရင်ကစားကွက်အသစ်တွေကပြောတယ်
စေတနာတွေရောလူတွေပါ
စေတနာနဲ့မတန်ဘူး။
 
နှင်းကေသရီ...
ငါတို့ရဲ့မနက်ဖြန်ဟာ
အပေါစားကော်ဖီမှုန့်တွေလို
ရေ နွေးပူပူထဲခုန်ဆင်းဦးမှာလား
အလေအလွင့်အစိတ်အကွဲပီသစွာ
အဆင်မပြေမှုတွေပြန့်ကြဲပြီး
ဆင်းရဲခြင်းထဲပျော်ဝင်ဦးမှာလား
ဘ၀တစ်ခုစာလွဲမှားပြီးတဲ့နောက်
ဘ၀ဆယ်ခုစာ
အမှားနဲ့လွဲချင်တယ်။
ဘ၀တစ်ခုစာအစိမ်းကြွေပြီးတဲ့နောက်
ဘ၀ဆယ်ခုစာ
အကြွေတွေနဲ့စိမ်းချင်တယ်။
 
နှင်းကေသရီ..
ငါတို့တွေက
ပိုက်ဆံမရှိရင် လမ်းပေါ်မထွက်ချင်ဘူး
မင်းတို့မိန်းမတွေကတော့
ပိုက်ဆံမရှိလေလမ်းပေါ်ထွက်ချင်လေ
နီယွန်မီးရောင်ကိုတောင်မှ
ပိုက်ဆံရရင်အင်္ကျီ်ချုပ်ဝတ်ကြမလားပဲ။
ခေတ်သမီးပျိုတွေရဲ့
အညှာလွယ်လွယ်စတေးမှုတွေကြား
လက်သီးဆုပ်ထားသူငယ်ချင်း။
 
နှင်းကေသရီ...
ဒီဘ၀မှာ
မြစ်ကြီးတစ်စင်းဖြစ်ခွင့်မရရင်လည်း
ချောင်းကလေးပေါ့
အင်အားကြီးသူသာအမှန်တရား
အဲဒီစကားလုံးတွေ
မျောပါခွင့်မရှိတဲ့ချောင်းကလေး။
ငါတို့အမှန်တရားတွေ
ရေစီးရေလာကောင်းမွန်ဖို့
လက်သီးဆုပ်ထားသူငယ်ချင်း။           ။


                    အောင်မှူးဝေ
                      29.7.2011

No comments:

Post a Comment