Saturday, December 3, 2011

သက္ကရာဇ် ဗုံသံချိုချိုတွေနဲ့ လမင်းကို မျိုထားတဲ့မြို့ကလေး--ရေးသူ...အောင်မှူးဝေ


သူ့ အရင်နာမည်ကကျေးတောင်ညို
အမှောင်ဆိုရင်
ချောင်ကြိုချောင်ကြားကတောင်လက်မခံ
လရောင်ကို စားမာန်ခုတ်ခုတ်ပြီး
ခေတ်သစ်ကိုယ်ပိုင်ဟန်ရိုးရိုးကုပ်ကုပ်ကလေးနဲ့
တောင် သေလာဦးထုပ်အောက်မှာ
ကိုယ်ထူကိုယ်ထအလင်းတွေ ထုတ်လုပ်နေတဲ့မြို့
ဆိုလာပြားတွေ ၀င်းနေတဲ့မြို့
အထွေးတို့ရဲ့မြို့.........
ချိုအေးတို့ရဲ့မြို့.............
မြဆင့်ချယ်ရဲ့မြို့............
မောင်ကံချိုရဲ့မြို့...........
ဆောင်ရန်ရှောင်ရန်တွေမလိုတဲ့မြို့
ငါတို့ရာဇ၀င်တွေကိုရေလောင်းပေါင်းသင်ပေးတဲ့မြို့
ကလေးမြို့...............။


ဒီမြို့မှာ............လက်ခမောင်းပြောင်းပြန်ခတ်တဲ့မြစ်ကလေးနဲ့
ဒီမြို့မှာ............ကတ်တီးကတ်ဖဲ့ ငါလိုကဗျာဆရာတွေနဲ့
ဒီမြို့မှာ...........သူ့မဟူရာလည်ဆွဲကို
လူကြားသူကြားထုတ်ထုတ်ကြွားတတ်တဲ့
တောင်ဇလပ်ဟိုတယ်ရှေ့
မြို့လယ်ခေါင်လေယာဉ်ကွင်းကလေးနဲ့
ဒီမြို့မှာ.....သံသရာဆွဲဆန့်သလို
မြန်မာအိန္ဒိယချစ်ကြည်ရေးလမ်းကြီးနဲ့
ဆယ့်နှစ်ရာသီ............
ပန်းပွင့်နံပါတ်ဆယ့်နှခုစလုံးပဲ
မြန်မာဘုရားပွဲ.....ကုလားဘုရားပွဲ
ခရစ်ယာန်ဘုရားပွဲ...........အစ္စလာမ်ဘုရားပွဲတွေနဲ့
အစားလည်းတော်တော်ပုပ်တဲ့မြို့ကလေး
တရားလည်းတော်တော်ဟုတ်တဲ့မြို့ကလေး
ဝေးခဲ့ပေါ့
ခေတ်ဟောင်းတေးနဲ့ငါနဲ့ဝေးသလို
ငါ့မြို့ကလေးနဲ့ ငါနဲ့ဝေးခဲ့ခြင်း
လမင်းကိုမျိုမျိုပြီး
သက္ကရာဇ်ဗုံသံချိုချိုတွေနဲ့
လင်းချင်တိုင်းလင်းနေတဲ့မြို့ကလေးရေ
သင့်....တေးသံတွေကျန်းမာစွာအတောင်ပံခတ်စေကြောင်း
ဒီကဗျာရေးရင်းငါဆုတောင်းလိုက်တယ်။ ။



အောင်မှူးဝေ
၂၀၁၀-ခုနှစ် မေလ ထုတ် ဖက်ရှင်အင်းမေ့ခ်ျမဂ္ဂဇင်း

No comments:

Post a Comment