Sunday, December 18, 2011

၂၆-ကဖေး




(၁)
အနာဂတ်အတွက်ဖြစ်စေချင်တဲ့သံစဉ်တချို့
စိတ်နဲ့ညည်းဆိုသွေးတိုးစမ်းရာကမ္ဘာ
၂၆-ကဖေးဟာ အသက်ရှူသံတစ်ထွာလောက်
ရင့်ကျက်စွာ အရပ်မြင့်ခဲ့ပြီပဲ ဆိုပါတော့
ညီမလေးမကြိုက်တဲ့ကဗျာဆရာဘ၀နဲ့
တွယ်ရာမဲ့စီးကရက်မီးခိုးတွေ
အလေ့ကျပေါက်ရောက်ရာ
ကျဆိမ့်အပါဝင် ကဖေးဆိုင်ဝေါဟာရတွေ
နွယ်လိုပတ်ခွေရှင်သန်ရာ...
ရွာဦး လွမ်းစေတီငယ်ဘဝ
ကုန်းမြင့်မြင့် ထုံးဖြူဖြူ
ပဲ့တင်ထပ်ဆည်းလည်းသံလေးတွေ
စနစ်တကျ လှိုင်းထတုန်ခါညွှတ်ယိမ်းရာ
မျက်စိရှေ့မှာတင်ကြွေကြွေကျသွားတဲ့
နေ့လည်ခင်းကြယ်စင်တွေကို တရှိုက်မက်မက်မျှော်ငေးရာ
(ဘာမှမတတ်နိုင်ဘူးမျက်ဝန်းနဲ့......)
၂၆-ကဖေးဟာသူ့အတောင်ပံတွေကို
ခြင်္သေ့တစ်ကောင် အစွယ်သွေးသလို
လေကောင်းလေသန့်တွေနဲ့ သွေးနေခဲ့။
(၂)
မောင်မချစ်ရင် ဟောဒီနှုတ်ခမ်းနီတောင့်နဲ့
ကျွန်မအိပ်မက်ကိုအဆုံးစီရင်ပစ်လိုက်မယ်-ဆိုတဲ့
နိုင်ငံခြားဝတ္ထု တစ်ပုဒ်
ကော်ဖီတစ်ခွက်နဲ့
လိုအပ်သလိုညှိယူနိုင်တဲ့ကဗျာဆရာ
ငါ့သား..
သီချင်းကမင်းလက်ထဲမှာဆိုတဲ့ကဗျာဆရာ
ကလောင်သုံးခုမျောက်သစ်ကိုင်းလွတ်သလို
စိတ်လိုလက်ရပြောင်းခဲ့တာတောင်မှ
မိန်းမလုပ်စာထိုင်စားနေရသေးတယ်ဆိုတဲ့ကဗျာဆရာ
ကာလာစုံ ၂၆-ကဖေးဟာ
သူ့ရှုထောင့်နဲ့သူ ချိုမြိန်နေခဲ့တယ်။        ။

FASHION  MAGAZINE   13 / 2/2010
အောင်မှူးဝေ ၂၆နှစ်ပြည့်အမှတ်တရကဗျာ

အောင်မှူးဝေ

နှင်းဆိပ်သင့်အက္ခရာ

by Hero Rose on Thursday, December 1, 2011 at 6:37pm
ငါမြတ်နိုးတဲ့မိန်းမတွေထဲ
ငါထိုးထည့်ခဲ့တဲ့မေတ္တာတရား
နေရပ်လိပ်စာအမြဲမှားခဲ့။
ဝါဒလွန်သီချင်းတစ်ပုဒ်နဲ့
ရောပြီးပေါက်ကွဲလိုက်တော့လည်း
အပိုင်းစတစ်ခုအဖြစ်သာအဖတ်တင်ခဲ့
လွမ်းတဲ့အကြောင်းပြောဖို့
လျှာဖျားတင်သေသေသွားတဲ့စကားလုံး

မှာ
           ငါ
တွေဝေလို့ကောင်းနေတုန်းပေါ့ကွာ။
ငါ့အယူဆဟာ   ငါ့ရဲ့တောအုပ်
ငါ့အတွေးက     ငါ့ရဲ့    လမ်း
နားထောင်လို့ကောင်းပြီး
မှတ်တမ်းတင်ဖို့မကောင်းတဲ့ဝါကျတွေ

အသုံးမကျတဲ့သစ်ပင်တွေလိုပွားလာ
           ဒါ
လူ့လောကပဲဖွင့်ထားတဲ့တံခါးကနေ
အလိုက်သင့်ကလေးဝင်လာ။
လက်ဖက်ရည်တစ်ခွက်ရှိရင်သေပျော်
သူနဲ့
ကွန်ပြူတာကိုင်ရရင်ရှင်ပျော်တဲ့
မိန်းမတစ်ယောက်
ပေါင်းလိုက်ရင်ဘာဖြစ်မလဲ
အမေရိကန်အိုးတွေလို
အရွယ်မရောက်ခင်ကွဲတယ်။
အခု
သစ္စာဖောက်တွေရဲ့ကောင်းကင်မှာငါ
ကဘာလဲ
သူရဲကောင်းတို့မြေပြင်မှာ
ဖိနပ်ကလေးတစ်ရံဖြစ်ချင်ခဲ့သူပါ
ငါဟာ  ငါ့တောအုပ်ထဲမှာ
ငါ့လမ်းမပေါ်မှာ
ငါ့လှည့်ကွက်နဲ့ငါ
ငါ့မပြည့်စုံခြင်းနဲ့ငါ
ငါ့နှင်းဆိပ်သင့်အာရုံများနဲ့ငါ
ငါ့ဝင်္ကပါနဲ့ ငါ
ငါ  မျက်စိလည်ခဲ့ပြီ။   ။

အောင်မှူးဝေ
1.12.2011

No comments:

Post a Comment